အိုဘားမား အာရှခရီးစဉ်ကို လျှော့ချလိုက်

  • 2 အောက်တိုဘာ 2013
Image caption အစိုးရ ဌာနတွေ ရပ်နားရတာဟာ ရီပတ်ဘလီကန်တွေကြောင့်လို့ အိုဘာမား စွပ်စွဲ

အမေရိကန်နိုင်ငံမှာ အစိုးရဌာန အများအပြား ပိတ်ထားရတဲ့အတွက် သမ္မတ အိုဘားမားဟာ သူ့ရဲ့ အာရှခရီးစဉ်ကို အပြည့်မသွားတော့ဘဲ လျှော့ချလိုက်တယ်လို့ အိမ်ဖြူတော်က ကြေငြာပါတယ်။

စနေနေ့မှာ စတင်မယ့် ၄ နိုင်ငံ ခရီးစဉ်မှာ မလေးရှားနဲ့ ဖိလစ်ပိုင်ကို မသွားတော့ဘဲ အင်ဒိုနီးရှားနဲ့ ဘရူနိုင်း ကိုပဲ သွားဖို့ စဉ်းစားနေတယ်လို့ အစိုးရ ပြောခွင့် ရသူက ဆိုပါတယ်။

အမေရိကန်မှာ လွှတ်တော် နှစ်ရပ်ကြား ဘတ်ဂျတ် ဥပဒေ မူကြမ်းအပေါ် သဘောမတူနိုင်တာကြောင့် အစိုးရရုံး အများအပြားဟာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ပိတ်ထားရတာ ဖြစ်ပါတယ်။

သိန်းနဲ့ချီတဲ့ ပြည်ထောင်စု အစိုးရ ဝန်ထမ်းတွေလည်း အလုပ်ကနေ ရပ်နားခံထားရပါတယ်။