သံတွဲ ဆူပူမှု အတွက် ရခိုင် ပါတီ ခေါင်းဆောင် ဖမ်းဆီးခံရ

  • 3 အောက်တိုဘာ 2013
Rakhine State Chief Minister meets villagers in Shwe Hlay
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ရွှေလှေ ကျေးရွာကို သွားရောက် အားပေး

ရခိုင် ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ မီးရှို့ တိုက်ခိုက်မှု မတည်ငြိမ်မှု တွေနဲ့ ပတ်သက်ပြီး ရခိုင် ပါတီ ခေါင်းဆောင် တစ်ယောက် အပါအဝင် လူ ၆ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပါတယ်။

ဗုဒ္ဓဟူးနေ့ ညဘက်က ဖမ်းဆီး ခံရသူတွေ ကတော့ ဦးစောလှိုင်၊ ဦးမိုးမြင့်အောင်၊ ဦးသိန်းဝင်း၊ ဦးသိန်းဇံ၊ ဦးဝင်းကိုလေးနဲ့ ဦးထွန်းသန့်ကျော်တို့ ဖြစ်ကြ တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီး ခံရ သူတွေထဲက ဦးစောလှိုင်ခေါ် ဦးမောင်ပု က ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP သံတွဲ မြို့နယ် ဥက္ကဋ္ဌ ဖြစ်ပြီး ဦးသိန်းဇံနဲ့ ဦးသိန်းဝင်း ကတော့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ဖြစ် ပါတယ်။

လွန်ခဲ့တဲ့ နှစ် ဇွန်လက ရခိုင် ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ မူတွေ နောက်ပိုင်းမှာ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ခေါင်းဆောင် တစ်ယောက် ဖမ်းဆီး ခံရတာ အခု တစ်ကြိမ်က ပထမဆုံး ဖြစ်ပါတယ်။

တရားဝင် နိုင်ငံရေး ပါတီက မြို့နယ် ဥက္ကဋ္ဌ ဖြစ်သူ ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ကို ဗုဒ္ဓဟူးနေ့ညက ရဲက ဖမ်းဆီး သွားပုံဟာ တရားဥပဒေမဲ့ လုပ်ပုံ ဖြစ်တယ်လို့ သုံးသပ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပြောရေး ဆိုခွင့်ရှိသူ အတွင်းရေးမှူး အဖွဲ့၀င် ဦးခိုင်ပြည်စိုးက ပြောပါတယ်။

သံတွဲမြို့နယ် အတွင်း ဖြစ်ခဲ့တဲ့ ပြဿနာတွေ အတွက်ဖမ်းဆီး အရေးယူ ခံရသူတွေ ထဲမှာ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ခေါင်းဆောင် တစ်ယောက်နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင် နှစ်ယောက် ပါဝင်တာ တွေဟာ ထူးခြားမှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။

အခု ဖမ်းဆီး အရေးယူမှုဟာ တရားဥပဒေ စိုးမိုးရေး အတွက် အစိုးရ ဘက်က ပထမဆုံး ဆောင်ရွက်မှုလို့ ပြောလို့ ရနိုင်ပေမဲ့ ဖမ်းဆီး အရေးယူတဲ့ နေရာမှာ လက်တွေ့ မီးရှို့ ဖျက်ဆီးမှု ကျူးလွန် သူတွေကို သာမက နိုင်ငံ တဝန်း အမုန်း တရားတွေ၊ မမှန် သတင်းတွေ ပြန့်ပွားအောင် လုပ်ဆောင် သူတွေ ကိုလည်း အရေး ယူသင့်တယ် လို့ ရန်ကုန်တိုင်း ဂျာနယ် ပင်တိုင် ဆောင်းပါးရှင် ဦးစည်သူ အောင်မြင့်က ပြောပါတယ်။

ကျူးလွန်သူ တွေကိုရော နောက်ကနေ ဦးစီး ဦးဆောင် ပြုသူတွေ ကိုပါ အရေးယူမှသာ အစိုးရ အနေနဲ့ ပဋိပက္ခတွေ နောက်ထပ် မဖြစ်အောင် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရာ ကျမယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့က စတင် ခဲ့တဲ့ ဆိုင်ပိုင်ရှင် တစ်ဦးနဲ့ သုံးဘီး ဆိုင်ကယ် တက္ကစီ သမား တစ်ဦးတို့ သာမန် စကား များရာကနေ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ မှုကြောင့် သံတွဲမြို့နယ်မှာ လူ ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကနေ အိမ် ပေါင်း ၇၀ ခန့် မီးရှို့ ဖျက်ဆီး ခဲ့ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ