သံတွဲ ဆူပူမှုက သူ့ခရီးစဉ်နဲ့ ချိန်ကိုက် လုပ်သလား လို့ သမ္မတ သံသယရှိ

  • 4 အောက်တိုဘာ 2013
President U Thein Sein in Thandwe
Image caption ရခိုင်ပြည်နယ်ရောက် သမ္မတ ဦးသိန်းစိန်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ သောကြာနေ့က အခြေအနေ တည်ငြိမ် နေပေမဲ့ ပြီးခဲ့တဲ့ ညနေပိုင်း အထိ မီးရှို့မှုနဲ့ ဖမ်းဆီးမှုတွေ ရှိခဲ့တဲ့ အတွက် ဒေသခံတွေက စိုးရိမ် ထိတ်လန့် နေကြ ပါတယ်။

ဖမ်းဆီး ခံရသူ နှစ်ယောက်ထဲမှာ ရခိုင် တိုင်းရင်းသား ကိုဌေးအောင်လည်း ပါဝင် ပါတယ်။

လောလောဆယ် သံတွဲမြို့နယ် အတွင်းမှာ လုံခြုံရေး တွေကို တိုးမြှင့် ချထား ပါတယ်။

အခု ရက်ပိုင်း အတွင်း ရခိုင် ပြည်နယ် သံတွဲ မြို့နယ် ထဲမှာဖြစ်ခဲ့တဲ့ ပဋိပက္ခ တွေဟာ သမ္မတရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်နဲ့ ချိန်ကိုက် လုပ်ဆောင်ခဲ့တယ် လို့တောင် သံသယ ဖြစ်စရာ အကြောင်းတွေ ရှိနေတယ်လို့ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ထုတ်ဖော် ပြောခဲ့ပါတယ်။

သမ္မတ ခရီးစဉ် မတိုင်ခင် သီတင်း နှစ်ပတ်လောက် ကတည်းက ကြိုတင် ပြင်ဆင်မှုတွေ လုပ်ခဲ့ရ တာကြောင့် ရခိုင် ပြည်နယ်ကို သမ္မတ လာမယ် ဆိုတာ ကြိုတင် သိနိုင်ခဲ့ကြတယ်လို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတ ခရီးစဉ် အတွက် ပြင်ဆင်မှု ကာလ အတွင်း နားလည်မှု လွဲမှားစေနိုင်တဲ့ အစွန်းရောက် အယူအဆ တွေကို သွယ်ဝိုက်ပြီး အားပေးရာ ရောက်တဲ့ ပြောဆိုမှု တွေကို တချို့လူတွေ၊ အဖွဲ့ အစည်းတွေနဲ့ အဲဒီက ရခိုင် တိုင်းရင်းသားတွေထဲက လုပ်တာ ရှိခဲ့ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

သြဂုတ်လ နောက်ပိုင်းက စတင်ပြီး သာသနာ့ အလံတွေ ဝယ်ထားပြီး ပြဿနာ ဖြစ်လာတဲ့ အခါ မီးရှို့ ဖျက်ဆီးမှု မခံရအောင် အဲဒီ အလံတွေကို ထောင်ထားဖို့ ပြောဆိုတာတွေ ရှိခဲ့တာကို သိရတဲ့ အတွက် အစိုးရ အနေနဲ့ သံသယ ရှိတာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ကောလ ဟလ တွေက အမြဲ ရှိနေတဲ့ အတွက် ပြဿနာ ဖြစ်လာတဲ့ အခါ မြို့ပေါ်မှာ ထိန်းလိုက်နိုင်ပေမဲ့ ရဲအင်အား အလုံ အလောက် မရှိတဲ့ ကျေးရွာတွေမှာ ဖြစ်တဲ့ အခါ ချက်ချင်း ထိန်းနိုင်ဖို့ ခက်ခဲတယ်လို့ လည်း ဦးရဲထွဋ်က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ နည်းလမ်း အားလုံးကို သုံးပြီး လူမျိုး ဘာသာ မခွဲခြားဘဲ ပြတ်ပြတ် သားသား အရေးယူ သွားမှာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

ဒီလို လုပ်ဆောင် နိုင်ဖို့ရာ ရခိုင် ပြည်နယ် အတွင်းက လုံခြုံရေး တပ်ဖွဲ့တွေကို အင်အား ဖြည့် ပေးသွားမယ့် အပြင် ရခိုင် ပြည်နယ်က တပ်ဖွဲ့တွေ အမြန် နေရာ ရွှေ့ပြောင်း တာဝန်ယူ နိုင်အောင် စက်တပ် ရေယာဉ်တွေ၊ အမြန် ရေယာဉ်တွေ ပံ့ပိုး ပေးသွားမယ်လို့ သမ္မတက ညွှန်ကြား ထားပြီး ဖြစ်ကြောင်းလည်း ပြောခွင့်ရသူက ပြောပါတယ်။

သံတွဲမြို့နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း သေဆုံးသူ ၅ ယောက် ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ