မိချောင်းကန် ရပ်ကွက်မြေ ပြန်ရရေးသပိတ် လှန်ပြီ

  • 5 အောက်တိုဘာ 2013
Image caption လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ ကြားဝင် ညှိနှိုင်းမှု ကြောင့် လတ်တလော ပြေလည် သွားခဲ့ပြီ

စစ်တပ်ပိုင် အဖြစ် သိမ်းယူ ထားတဲ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် မိချောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက် မြေတွေ ပြန်ရရေး ဆန္ဒပြ နေကြ သူတွေကို လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းယူမှု ဆိုင်ရာ စုံစမ်း စစ်ဆေးရေး ကော်မရှင်က လာရောက် ညှိနှိုင်း ခဲ့တဲ့ နောက် သပိတ် လှန်လိုက် ကြပြီ ဖြစ်ပါတယ်။

ကိုယ့်မြေ ပြန်မရ မချင်း သပိတ်မလှန်ဘူး ဆိုပြီး မြို့တော် ခန်းမ နားမှာ စခန်းချ ဆန္ဒပြနေ သူတွေနဲ့၊ ဥပဒေ မလိုက်နာရင် အရေးယူ ရမှာပဲ ဆိုတဲ့ အစိုးရ အာဏာပိုင် တွေကြား ထိပ်တိုက်တွေ့ မလို ဖြစ်နေတဲ့ အခြေ အနေ ကနေ ခုတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ ကြားဝင် ညှိနှိုင်းမှုကြောင့် လတ်တလောမှာ ပြေလည်သွားခဲ့ပါပြီ။

လယ်ယာမြေနဲ့ အခြား မြေများ သိမ်းယူမှု စုံစမ်းရေး လွှတ်တော် ကော်မရှင်ကို ကိုယ်စားပြုပြီး ကော်မရှင် အဖွဲ့ဝင် ဦးခိုင်မောင်ရီနဲ့ တောင်ဥက္ကလာပ မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း တို့ လာရောက်ခဲ့ ကြတဲ့ အကြောင်းကို ဆန္ဒပြ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးစိန်သန်း က ဘီဘီစီကို ပြောပြ ပါတယ်။

မြေယာ သိမ်းယူမှု ဆိုင်ရာ စုံစမ်းရေး ကော်မရှင် ကိုယ်စား လာရောက် ခဲ့တဲ့ ဦးခိုင်မောင်ရီကလည်း ဒီဆန္ဒပြသူတွေရဲ့ အထောက် အထား စာရွက် စာတမ်း တွေကို ကြည့်ခဲ့ပြီ ဖြစ်ကြောင်းနဲ့၊ ကော်မရှင် ပြန်ထိုင်ပြီး အမြန်ဆုံး ဆောင်ရွက်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခု ဆန္ဒပြ တောင်းဆိုသူတွေ ဘက်က တကယ်တမ်း နစ်နာမှု ရှိတယ် ဆိုရင် လွှတ်တော် အနေနဲ့ အဲဒီ နစ်နာသူတွေ အတွက် ပြေလည်အောင် ဆောင်ရွက်ပေး ဖို့ အစိုးရကို တိုက်တွန်း ရုံသာ တတ်နိုင်ပြီး၊ တကယ်တမ်း အရေးယူ ဆောင်ရွက်ပေး နိုင်တဲ့ အခွင့် အာဏာကတော့ အစိုးရမှာ သာ ရှိတာ ဖြစ်ပါတယ်။

ဦးခိုင်မောင်ရီ ကတော့ အစိုးရ ဘက်က လိုအပ်တဲ့ အရေးယူ ဆောင်ရွက် မှုတွေကို လုပ်မပေးဘူး ဆိုရင်လည်း၊ လုပ်ပေး လာအောင် လွှတ်တော် ကနေ ဆောင်ရွက် နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်လို့ ပြောခဲ့ပြီး အသေးစိတ်ကို တော့ ခုချိန်မှာ ထုတ်ဖော် မပြောနိုင် သေးဘူးလို့ ဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ