အစိုးရနဲ့ KIO ဆွေးနွေးပွဲအတွက် လေ့လာသူတွေ ရောက်ရှိလာ

  • 6 အောက်တိုဘာ 2013
Image caption အခု တခေါက် ဆွေးနွေးပွဲမှာ တပ်နေရာ ချထားရေး ကိစ္စကို အဓိက ဆွေးနွေးမယ်လို့ ယူဆရ

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့ အကြား ဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီ ဂျေ နမ်ဘီးယားနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် အထူးအကြံပေး အရာရှိ မစ္စ မာရီယန် ဟေဂန် တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို တနင်္ဂနွေနေ့က ရောက်ရှိနေပြီ ဖြစ်ပါတယ်။

တဘက်နဲ့ တဘက် ယုံကြည်မှု နည်းပါးနေတဲ့အတွက် ယုံကြည်မှု တည်ဆောက်ရေးကို ဘယ်လောက်အတိုင်းအတာ အထိ တည်ဆောက်ပေးနိုင်မလဲ ဆိုတာပေါ် မူတည်ပြီး ဒီဆွေးနွေးပွဲကနေ အပစ်ရပ်ရေး လက်မှတ်ထိုးတဲ့ အနေအထား ရောက်မရောက် ပြောနိုင်မယ်လို့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မီတီရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးမယ့် အချက်တွေကတော့ တပ်နေရာ ချထားရေး ၊ ရှေ့တန်း စစ်မျက်နှာပြင် စောင့်ကြည့်ရေး၊ စစ်ပြေး ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး၊ နိုင်ငံရေး ဆွေးနွေးမှုတွေ ဆက်လုပ်သွားရေးနဲ့ အစိုးရ စီစဉ်နေတဲ့ တနိုင်ငံလုံး အပစ်ရေး ကိစ္စတွေအကြောင်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဦးဆန်းအောင်က ပြောပါတယ်။

တပ်နေရာချထားရေး ကိစ္စနဲ့ ပတ်သက်လို့ ပြဿနာ ဖြစ်ပွားနေတဲ့ နေရာတွေကို မြေပုံတွေနဲ့ ပြထားတာ ရှိပြီး အရင်က ဒီကိစ္စကို တံခါးပိတ် ဆွေးနွေးခဲ့ကြောင်း ၊ ဒီတခေါက်မှာတော့ တံခါးပိတ် မဆွေးနွေးပဲ ဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ KIO က ကြိုတင် တင်ပြထားကြောင်း ဦးဆန်းအောင်က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို လေ့လာသူတွေအဖြစ် တရုတ်ကိုယ်စားလှယ် ၅ဦး တက်ရောက်မှာ ဖြစ်ပေမယ့် UK နဲ့ အမေရိကန် နိုင်ငံတွေက ကိုယ်စားလှယ်တွေတော့ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အရင် ဆွေးနွေးပွဲတွေတုန်းက တရုတ်ဘက်က ကန့်ကွက်ခဲ့တဲ့အတွက် အနောက်အုပ်စု နိုင်ငံ ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်ခဲ့ပဲ အခု တခေါက်မှာလည်း UK နဲ့ အမေရိကန် ကိုယ်စားလှယ်တွေကို KIO ဘက်က ဖိတ်ကြားခဲ့ပေမယ့် အစိုးရဘက်က ဖိတ်ကြားတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို KIO ဘက်က ဦးစွန်လွတ်ဂမ်နဲ့အတူ ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင် ဇော်ရော်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဦးနော်ထွဲ အပါအဝင် ခေါင်းဆောင် ၈ဦး ဦးဆောင် တက်ရောက်မှာ ဖြစ်ပြီး အစိုးရဘက်ကတော့ ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့အတူ အစိုးရ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးအာဏာ လွှဲအပ်ခြင်း ခံထားရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ တက်ရောက်မယ် လို့ သိရပါတယ်။