တနိုင်ငံလုံး အပစ်ရပ်ရေးနဲ့ ပတ်သက်လို့ KNU ရဲ့ သဘောထား ရပ်တည်ချက်

  • 7 အောက်တိုဘာ 2013
Image caption မနှစ်က စက်တင်ဘာတုန်းက ကေအန်ယူနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်က မြင်ကွင်း

KNU ကရင်အမျိုးသား အစည်းအရုံးက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ KNU ရဲ့ သဘောထား ရပ်တည်ချက် ၆ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်တဲ့ KNU ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အဲဒီ အထဲက ပထမဆုံး အချက်ကတော့ အစိုးရနဲ့ Code of Conduct သဘောတူထားပြီး ဖြစ်တယ် ၊ ဒုတိယ အချက်က တနိုင်ငံလုံး အပစ်ရပ်ရင် ကတိကဝတ်နဲ့ လက်မှတ် ထိုးတဲ့ အခါ အစိုးရဖက်ကကော စစ်တပ် ဖက်ကပါ ပါဖို့ လိုတယ်လို့ ကေအန်ယူ တွဲဘက် အတွင်းရေးမှူး ဖဒို မန်းမန်းက ပြောပါတယ်။

ဒါ့အပြင် တတိယ အချက် အနေနဲ့ နိုင်ငံက သက်သေတွေ ပါရမယ် ၊ စတုတ္တ အချက်က တိုင်းရင်းသား တွေရဲ့ တွေ့ဆုံ ဆွေးနွေးမှု ၊ နိုင်ငံရေးမူဘောင်ကို အကောင်အထည် ဖော်ရာမှာ သဘောတူညီမှု ရထားရမယ်လို့ သူက ဆိုပါတယ်။

နံပတ်ငါး အချက်အနေနဲ့ ရှေ့ဆက် နိုင်ငံရေး ဦးတည်ချက်မှာ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ တည်ဆောက်ဖို့ သဘောတူညီချက်ကို ယူရမှာ ဖြစ်ပြီး နောက်ဆုံး အချက်အနေနဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့နဲ့ အစိုးရကြား နှစ်ဖက် ကြီးကြပ်ရေး အဖွဲ့တွေ ထားဖို့ ကိစ္စကိုလည်း သဘောတူရမယ်လို့ သူက ပြောပါတယ်။

လိုလားတဲ့ အချက်တွေကို ရနိုင်ပါ့မလား ဆိုတာ ဆွေးနွေးတဲ့ အပေါ်မှာ မူတည်လို့လည်း သူက ရှင်းပြခဲ့ပါတယ်။

ဒီမူခြောက်ချက်ဟာ ကေအန်ယူက ကိုင်ဆွဲထားတဲ့ ရပ်တည်ချက်တွေ ဖြစ်ပြီး ပထမ အချက်ဖြစ်တဲ့ Code of Conduct ကို ဆက်ဆွေးနွေးဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။

လာမယ့် အောက်တိုဘာ တတိယပတ်မှာ Techanical Team ဆက်ဆွေးသွားဖို့ ရှိပြီး အဲဒီအပေါ်မှာ ခြေလှမ်း ဆက်လှမ်းသွားမယ်လို့ သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကုန်ပေါင်းပြီး ရပ်တည်ချက်တွေကို ဆွေးနွေးဖို့ ရှိလားလို့ ဘီဘီစီက မေးတဲ့ အခါမှာ ကေအန်ယူ အနေနဲ့ တဖွဲ့ချင်းနဲ့ ဆွေးနွေးဖို့ကိုကော UMFC အဖွဲ့ထဲက အဖွဲ့တွေရဲ့ စုပေါင်း ဆောင်ရွက်မှု ဘုံသဘောတူချက်ကို ရအောင် ဆက်ဆောင်ရွက်ပြီး အစိုးရနဲ့ ညှိနှိုင်း လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

ဒီနှစ်မကုန်ခင် တပြည်လုံး အပစ်ရပ်ရေး ဖြစ်နိုင်ပါ့မလားလို့ မေးမြန်းတဲ့ အခါမှာ တပြည်လုံး အပစ်ရပ်ရေးကို သူတို့ကလည်း လိုလားတောင့်တကြောင်း ၊ ဖြစ်လာနိုင်ဖို့က တပ်ပိုင်းဆိုင်ရာ Code of Conduct လို နှစ်ဖက် လိုက်နာရမယ့် စည်းကမ်းတွေ ၊ နိုင်ငံရေး အရ ဆိုရင်လည်း ရှေ့ဆက်သွားမယ့် နိုင်ငံခရီးလမ်းမှာ အာမခံချက် ရှိနိုင်ဖို့ ဆိုတဲ့ အချက်တွေကို ကြေကြေလည်လည် ညှိနှိုင်းဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

အဲဒါမှ ရှေ့လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ၊ နောက်ပြီး မလိုလားအပ်တဲ့ တပ်ဖက်ဆိုင်ရာမှာ ဆိုရင်လည်း တိုက်ပွဲ ဖြစ်တာတွေ ရှောင်နိုင်ဖို့ အခု အခြေခံ ခြောက်ချက်ကို အကြေအလည် ဆွေးနွေး အကောင်အထည် ဖော်ဆောင်သွားရမယ်လို့ သူက ပြောပါတယ်။