မွတ်ဆလင် အိမ်တချို့ ဖျက်ဆီးခံရ

  • 6 အောက်တိုဘာ 2013
Image caption မကြာခင်က ရခိုင်ပြည်နယ်တွင်လည်း မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာ မွတ်ဆလင်တွေရဲ့ အိမ်နှစ်လုံးနဲ့ တဲတစ်လုံးကို ဗုဒ္ဓဘာသာဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မွတ်ဆလင် တယောက်က အသက် မပြည့်သေးတဲ့ မိန်းကလေးတယောက်ကို မတော်တရား ပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို အိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေကတော့ ဖျက်ဆီးခံရတဲ့ အိမ်ခြေ အရေအတွက်ဟာ ၆ လုံးလောက် ရှိတယ်လို့ ဆိုကြပါတယ်။

ဧရာဝတီတိုင်းအတွင်း ပြီးခဲ့တဲ့ သြဂုတ်လထဲနဲ့ စက်တင်ဘာ ၃ ရက်နေ့တွေမှာလည်း အသေးအဖွဲ ခိုက်ရန် ဖြစ်ပွားမှုမျိုး ရှိခဲ့ပေမဲ့ လူမျိုးရေး ပဋိပက္ခအဖြစ် ကျယ်ပြန့်မလာအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ကတော့ အစ္စလာမ်တွေရဲ့ အိဒ်နေ့ဖြစ်ပြီး အဲဒီနေ့မှာပဲ မျိုးစောင့်ဥပဒေ အခမ်းအနားလည်း လုပ်မယ် ဆိုတဲ့ အတွက် ဒေသခံတွေက ပဋိပက္ခဖြစ်ပွားမှာ စိုးရိမ်ပူပန်နေကြပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲမှာလည်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ကမန် မွတ်ဆလင်တွေရဲ့ အိမ်အများစု ဖြစ်တဲ့ အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။