အစိုးရနဲ့ တိုင်းရင်းသားတွေကြား ယုံကြည်မှု ဘယ်လို တည်ဆောက်မလဲ

  • 7 အောက်တိုဘာ 2013
Deputy General Myint Soe and Maj Gen Gun Maw
Image caption အစိုးရ စစ်တပ်က ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ ကချင် ဒုတိယ ဦးစီးချုပ်တို့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့စဉ်

မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ တို့ကြား ပြည်ထောင်စု အဆင့် ဆွေးနွေးမှုတွေ အောက်တိုဘာလ ၈ ရက် နေ့ကစပြီး မြစ်ကြီးနားမှာ ပြုလုပ် ပါတော့မယ်။

နှစ်ဘက် လုပ်ငန်း အဖွဲ့ ချင်း ပြီးခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ အရ အချက် ၅ ချက် ပါ အကြောင်း အရာ တွေကို တင်ပြ ဆွေးနွေး ကြဖို့ သဘောတူ ညီခဲ့ကြပြီး ဖြစ်ပါတယ်။

အဲဒီ အချက်တွေထဲမှာ တပ်ဘက်ဆိုင်ရာ ကိစ္စတွေနဲ့ တပ် နေရာပြ မြေပုံ ကိစ္စ တို့လည်း အဓိက ပါဝင် ပါတယ်။

တပ်ဘက်ဆိုင်ရာ အပိုင်းတွေကို ဆွေးနွေးကြမှာ ဖြစ်လို့ အစိုးရ ဘက်က ကိုယ်စားလှယ် အဖွဲ့မှာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးအာဏာ လွှဲအပ်ခြင်း ခံထားရတဲ့ အထူး စစ်ဆင် ကွပ်ကဲရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်း တိုင်းနဲ့ အရှေ့မြောက်ပိုင်း တိုင်းမှူးတို့လည်း ပါဝင်မယ်လို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့လုပ်ငန်း အဖွဲ့က ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

Image caption ပြီးခဲ့တဲ့ ဇွန်လ အတွင်း မြစ်ကြီးနားမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ

ကေအိုင်အို ဘက်က ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင် ဇော်ရော်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဦးနော်ထွဲ တို့ ပါဝင်တဲ့ ခေါင်းဆောင်တွေ တက်ရောက် ကြမှာ ဖြစ်ပါတယ်။

အစိုးရ ဘက်က အခုနှစ် မကုန်ခင် တနိုင်ငံလုံး အပစ်ရပ် သဘော တူညီချက် ရတော့မယ်လို့ ပြောနေပေမဲ့ တိုင်းရင်းသားတွေ ဘက်ကတော့ ယုံကြည်မှု ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောနေပါတယ်။

ဒါပေမဲ့ ဒေါက်တာ မင်းဇော်ဦးကတော့ သဘောတူညီမှု ရဖို့ ယုံကြည်မှု ရှိရမှာ ဖြစ်ပေမဲ့ ယုံကြည်မှု ဆိုတာဟာ ဆွေးနွေးရင်းနဲ့ ရလာ တာမျိုး ဖြစ်တယ်၊ မဆွေးနွေးဘဲ ယုံကြည်မှု တည်ဆောက်လို့ မရဘူးလို့ ဆိုပါတယ်။

အပစ်ရပ် တယ်ဆိုတာ နိုင်ငံရေး ဆွေးနွေးပွဲ တွေကို တံခါး ဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

သဘောတူညီမှု ရပြီးတဲ့ နောက်မှာ နောက်တဆင့် တက်လှမ်းမယ့် နိုင်ငံရေး ဆွေးနွေးမှု အတွက် Framework မူဘောင် ချမှတ်ပြီး အဆင့်ဆင့် လုပ်ဆောင် သွားမယ့် အသေးစိတ် နည်းလမ်း တွေကို ဆက်လက် ဆွေးနွေး သွားကြ မယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးမှု လုပ်မယ် ဆိုတာ အစိုးရက ပြောနေ ပေမဲ့ အချိန် ကန့်သတ်ချက် မပေးဘဲ ဘာလုပ်မယ် ဆိုတာကိုလည်း တိုင်းရင်းသား အဖွဲ့ တွေကို ချပြ ထားတာ မရှိဘူးလို့ ပြောဆိုနေမှုတွေလည်း ရှိနေပါတယ်။

ဒေါက်တာ မင်းဇော်ဦး ကတော့ တဲ့ ပြောဆိုမှု တွေနဲ့ ပတ်သက်လို့တော့ အစိုးရ အနေနဲ့ သူတို့ ဘက်က စီစဉ်တဲ့ အတိုင်း တိုင်းရင်းသားတွေ ဘက်က လိုက်နာ လုပ်ဆောင်ရမယ် ဆိုတဲ့ သဘော သက်ရောက်သွားမှာ စိုးတဲ့ အတွက် အားလုံး ဆွေးနွေး ညှိနှိုင်း မယ့် လမ်းကြောင်း အတိုင်း သွားပြီး Framework Meeting မှာ ဆွေးနွေး ဆုံးဖြတ် ကြမယ်လို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ