သံတွဲ ပဋိပက္ခပါ RNDP အဖွဲ့ဝင်တွေကို ပါတီဥက္ကဌ လာတွေ့

  • 8 အောက်တိုဘာ 2013
Image caption သံတွဲမြို့မှာ ဘာသာရေးနွယ်တဲ့ ပဋိပက္ခတွေ အတွင်း နေအိမ် အဆောက်အဦတွေ မီးရှို့ ဖျက်ဆီးခံခဲ့ရ

သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ခေါ်ယူ ထိန်းသိမ်း ခံထားရတဲ့ RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင်တွေကို ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်နဲ့ အဖွဲ့ လာရောက် တွေ့ဆုံခဲ့ပါတယ်။

သံတွဲမြို့ကို ရောက်လာလာချင်းမှာပဲ ဖမ်းဆီးခံထားရသူ တဦး ဖြစ်တဲ့ သံတွဲမြို့နယ် RNDP ဥက္ကဌ ဦးစောလှိုင်ရဲ့ မိသားစုတွေ အပါအဝင် တစ်ခြား ဖမ်းဆီးခံထားရတဲ့ သူတွေရဲ့ မိသားစုဝင်တွေကို ဒေါက်တာ အေးမောင် သွားရောက် တွေ့ဆုံခဲ့ပါတယ်။

သူတို့ကို ဖမ်းဆီးထားမှုတွေဟာ တရား ဥပဒေနဲ့ ကိုက်ညီမူ မရှိဘူးလို့ ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အချိန်ထိတော့ သံတွဲမှာ ဖမ်းဆီးခံရတဲ့သူ ၄၄ ဦးရှိပြီ ဖြစ်တယ်လို့ အစိုးရ အာဏာပိုင်တွေက ကြေညာထားပေမယ့် သံတွဲ ဒေသခံတွေကတော့ ဖမ်းဆီးခံ ရတဲ့သူ အရေအတွက်ဟာ ၆၀ နီးပါးလောက် ရှိတယ်လို့ ပြောပါတယ်။

ဖမ်းဆီးသူတွေသာ တိုးလာ ပေမယ့် အစကတည်းက ခေါ်ယူ ထိန်းသိမ်းခံထားရတဲ့ RNDP မြို့နယ် ဥက္ကဌတို့လို လူတွေ မလွတ်လာသေးတာကြောင့် အာဏာပိုင်တွေ အနေနဲ့ ဒေသအတွင်းက တိုင်းရင်းသား ပါတီ တစ်ခုရဲ့ ခေါင်းဆောင် တစ်ဦးကို ပဋိပက္ခနဲ့ ဆက်စပ်ပြီး စတင် အရေးယူသွားမယ့် လက္ခဏာမျိုး တွေ့ရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဒေါက်တာ အေးမောင်ကတော့ သူတို့ပါတီအနေနဲ့ သံတွဲမြို့ရဲ့ တည်ငြိမ် အေးချမ်းရေး ကို လိုလားတယ်လို့ ပြောပါတယ်။

အခု အခါ သံတွဲမြို့နယ် အတွင်းမှာ အာဏာပိုင်တွေက ပဋိပက္ခအတွင်း ပါဝင်သူတွေလို့ သံသယရှိသူတွေကို လိုက်လံ ဖမ်းဆီးပြီး လုံခြုံရေးကို တိုးမြှင့်ထားတဲ့ အတွက် သံတွဲမြို့နယ်ရဲ့ အခြေအနေက တည်ငြိမ်မူ ရှိလာပြီလို့ သိရပါတယ်။

တနင်္ဂနွေနေ့ကလည်း သီတဂူ ဆရာတော်ကြီး ဒေါက်တာ ဉာဏိသရ သံတွဲမြို့ကို ရောက်ရှိလာပြီး ပဋိပက္ခတွေ ထပ်မဖြစ်ရအောင် ဒေသခံတွေကို ငြိမ်းချမ်းရေး တရား ဟောကြားပြီး ကောလဟလတွေကို မယုံကြည်ကြဖို့ တိုက်တွန်းသွား ခဲ့ပါတယ်။