သံတွဲ အခြေအနေ နဂိုအတိုင်း ပြန်ရောက်ပါ့မလား

  • 9 အောက်တိုဘာ 2013
Image caption ရခိုင်ပြည်နယ် သံတွဲမှာ မီးရှို့ခံရပြီးတဲ့နောက် မြင်ကွင်း

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း သမ္မတ ဦးသိန်းစိန် ရခိုင် ပြည်နယ်ကို သွားရောက်ခဲ့တဲ့ အချိန် မှာ သံတွဲမြို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတော့ သမ္မတ ကိုယ်တိုင်က သူ့ရဲ့ ခရီးစဉ်ကို အချိန်ကိုက် လုပ်ဆောင် တာလားလို့တောင် သံသယ ဖြစ်စရာ ရှိတယ်လို့ ထုတ်ဖော် ပြောခဲ့တဲ့ သံတွဲမြို့ကို ဘာသာရေး အဖွဲ့အစည်းတွေ ၊ နိုင်ငံရေးအဖွဲအစည်းတွေ ၊ လူမှုရေး အဖွဲ့အစည်းတွေ သံတွဲကို လာရောက် ဆွေးနွေး နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ပဋိပက္ခတွေကြောင့် လူ ၅ယောတ် ထိ သေဆုံးခဲ့ပြီး လူပေါင်း ၄၀ ကျော်ကို ဖမ်းဆီးအရေးယူထားတဲ့ သံတွဲမြို့မှာ အခုရက်ပိုင်း အတွင်း သီတဂူ ဆရာတော် ရောက်နေသလို တိုင်းရင်း သား များ တိုးတက်ရေး ပါတီက ဒေါက် တာအေးမောင်နဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာက ဒေါက်တာ ကျော်ရင်လှိုင် အပြင် ၈၈ ပွင့်လင်း လူ့အဖွဲအစည်း က ကိုကိုကြီးနဲ့ အဖွဲ့ဝင်တွေ ရောက်နေကြပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ သီတဂူဆရာတော် ဟာ အစ္စလာမ် ဘာသာဝင် တချို့နဲ့ တွေ့ဆုံပြီး အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေရေး ဆွေးနွေး နေတာ ရှိသလို ၈၈ ပွင့်လင်း လူအဖွဲ့အစည်းက ဦးကိုကိုကြီးတို့ အဖွဲ့ကလည်း ပဋိပက္ခ တွေ ဖြစ်ပွားခဲ့တဲ့ ဂျိတ်တောရွာ ကို သွားခဲ့ကြပါတယ်။

သမ္မတ ခရီးစဉ်ကို ချိန်ကိုက် လုပ်တယ်လို့ ပြောရတဲ့ အဓီက အကြောင်းရင်းနဲ့ ပတ်သက်လို့ ၈၈ ပွင့်လင်း လူအဖွဲ့အစည်းက ဦးကိုကိုကြီး ပြောရာမှာ တဖက်ကလည်း ဘာသာရေးကို အကြောင်းပြုပြီး သာသနာ့ အလံကို ထိပါး ပုတ်ခတ်မှုကို အရေးမယူဘူး ဆိုပြီး ဆန္ဒပြတယ် ၊ တခြားဖက်ကလည်း ဥပဒေပိုင်းအရ နိုင်ငံသား ဖြစ်မှု ကိစ္စကို အကြောင်းပြုပြီး ဆန္ဒပြ အရေးဆိုကြကြောင်း သူက ရှင်းပြခဲ့ပါတယ်။

အဲဒီလို နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်လို့တော့ ဒါဟာ တရားဥပဒေ စိုးမိုးရေးပိုင်းက ဆက်လက် ဆောင်ရွက်သွားလိမ့်မယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။

ဒေသခံ ရခိုင်တွေဘက်ကတော့ သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ ဖြစ်စဉ် တွေကို အတွင်းကျကျ လေ့လာဖို့ လိုအပ် သလို နှစ်ဖက် လူ့အဖွဲ့အစည်းတွေ့နဲ တွေ့ရာမှာလည်း ကျေးရွာတွေက ဘာသာရေးအစွန်းရောက်သူတွေ ကို တွေ့ဖို့ လိုတယ်လို့ သံတွဲမြို့နယ် ဖွံဖြိုး တိုးတက်ရေး အထောက်အကူပြု အဖွဲ့ ဥက္ကဌ ဦးစိုးမြင့် ပြောပါတယ်။

ဦးကိုကိုကြီးတို့ ပွင့်လင်း လူအဖွဲ့အစည်း ကတော့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ရှိသလို မနက်ဖြန်မှာ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ နေရာတွေကို ကိုယ်တိုင် ကိုယ်ကျ သွာဖို့ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က တခြား ပဋိပက္ခဖြစ်ခဲ့တဲ့ နေရာတွေထက်စာရင် သံတွဲဟာ ဘာသာ နှစ်ခုကြား အတူ ယှဉ်တွဲ နေတာဖြစ်လို့ ခွဲပြီး နေကြဖို့ ကလည်း အတော့်ကို ခက်မယ့်အပြင် သံတွဲမှာ ဖြစ်ခဲ့တဲ့ ပြဿနာဟာ အခုအခါမှာ တည် ငြိမ်နေတယ်လို့ ပြောလို့ရပေမယ့် နဂိုအတိုင်း ပြန်ဖြစ်ဖို့ ကတော့ အတော့်ကို အချိန်ယူရမယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ