သီလဝါ စီမံကိန်း လူ့အခွင့်အရေး ချိုးဖောက်သလား

  • 9 အောက်တိုဘာ 2013
Image caption သီလဝါ စီမံကိန်း အတွက် ရွာ ၆ ရွာ နေရာရွှေ့ပြောင်းခဲ့

သီလဝါ အထူး စီးပွား ရေးဇုန် စီမံ ကိန်းအ တွက် ကျေးရွာ တွေ ရွှေ့ပြောင်း မှုနဲ့ လယ်ယာ မြေတွေ သိမ်းယူ မှုတွေမှာ လူ့အခွင့် အရေး ချိုးဖောက် မှုတွေ ပြုလုပ်ခဲ့ တယ်လို့ ကျေးရွာ သားတွေနဲ့ လယ်သမား တွေက ပြောဆို လိုက်ပါတယ်။

လယ်မြေ အသိမ်း ခံရသူလည်း ဖြစ်ပြီး သီလဝါ ဒေသ လူမှု ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဦးမြလှိုင်ကို ဆက်သွယ် မေးမြန်း ရာမှာ သီလဝါ အထူး စီးပွားရေး ဇုန်ဟာ ကျေးရွာ ရွှေ့ပြောင်းမှု ၊ လယ်မြေ သိမ်းဆည်း မှုတွေကို နိုင်ငံ တကာ စံချိန် စံညွှန်း တွေနဲ့ အညီ ဆောင်ရွက် မယ်ဆို ပေမဲ့ အဲဒီ စံချိန် စံညွှန်း တွေထဲမှာ ပါသလို ကျေးရွာ ရွှေ့ပြောင်း မယ့်သူတွေ အတွက် ရွေးချယ် ခွင့် မပေး ခဲ့ဘူးလို့ ဆိုပါတယ်။

ကျေးရွာ သားတွေက စီးပွားရေးဇုန် နဲ့ မဝေးတဲ့ နေရာတွေမှာသာ ကျေးရွာကို ရွှေ့ပြောင်းချင်ပေမဲ့ အာဏာပိုင် တွေက စီမံကိန်းနဲ့ ၆ မိုင်လောက် အကွာ နေရာကို ရွှေ့ပြောင်းခဲ့ ပါတယ်။

ဒါပေမဲ့ သီလဝါ အထူးစီးပွားရေး ဇုန် စီမံ ခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးဆက်အောင်ကတော့ အဲဒီနေရာဟာ မော်တော် ဆိုင်ကယ်နဲ့ သွားရင် ၁၀ မိနစ် လောက်ပဲ ဝေးတဲ့ နေရာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒါ့အပြင် လယ်သမား တွေကို အခု ရွှေ့ပြောင်း ပေးမယ် ဆိုတဲ့ နေရာဟာ လက်ရှိ သူတို့ နေနေတဲ့ နေရာထက် အဆပေါင်း များစွာ သာတဲ့ နေရာသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လယ်သမားတွေက လျော်ကြေးကိစ္စမှာ သူတို့နဲ့ ညှိနှိုင်းမှု မရှိဘူးဘဲ တဖက်သတ် ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ လျော်ကြေး လိုချင်ရင် တရားရုံးကို သွားလို့ ဦးဆက်အောင်က ပြောကြောင်းလည်း ဆိုပါတယ်။ ဒါပေမဲ့ ဦးဆက်အောင်က လယ်သမားတွေ အဲသလို ပြောတာ မမှန် ကန်ကြောင်း သူက ကြားဝင် ဖြန်ဖြေ ပေးသူ သာဖြစ်ကြောင်း ပြောပါတယ်။

တိုင်းဒေသကြီး အစိုးရက လယ်သမား တွေကို နှစ်ပတ် အတွင်း ရွှေ့ပြောင်း ရမယ် မရွှေ့ ပြောင်းရင် ဖမ်းမယ်လို့ ပြောတဲ့ အတွက် သူက ကြားဝင် ညှိနှိုင်း ပေးတာ သာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီးနဲ့ ထိပ်တိုက် ရင်ဆိုင် တွေ့ရင် တရား စွဲဆို ခံရနိုင်ကြောင်း ပြောဆို တာသာ ဖြစ်တယ်လို့ ဆိုပါတာယ်။

ဒါ့အပြင် ဒီစီမံကိန်းဟာ ကျေးရွာတွေ နေရာ ရွှေ့ပြောင်းမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ စံချိန်စံညွန်းနဲ့ အညီ ပထမဦးဆုံး စနစ်တကျ စီမံကိန်းချ ရွှေ့ပြောင်းပေးခဲ့တာလို့လည်း သူက ဆိုပါတယ်။