ထိုင်းမှာ မြန်မာသံဃာတွေ ကျောင်းထိုင်နိုင်တော့မယ်

  • 11 အောက်တိုဘာ 2013
Ambassador and Monks
Image caption မြန်မာသံဃာတွေ ကျောင်းထိုင်ဖြစ်ရေး မျှော်လင့်ချက် ရှိ

ထိုင်းနိုင်ငံမှာ နှစ်ပေါင်းရာချီပြီး တည်ရှိနေတဲ့ မြန်မာ ဘုန်းတော်ကြီးကျောင်း တွေမှာ အစဉ်အလာအရ မြန်မာ ဘုန်းတော်ကြီးတွေပဲ ကျောင်းထိုင် ဖြစ်ခဲ့ရာက ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ထိုင်းအစိုးရက ထိုင်း တနိုင်ငံလုံးက ဘုန်းတော်ကြီးကျောင်းတွေမှာ ထိုင်းနိုင်ငံက သံဃာတွေပဲ ကျောင်းထိုင် ဖြစ်ရမယ် ဆိုတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းထိုင် ဘုန်းတော်ကြီးတွေ အခက်အခဲနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။

အဲဒီကိစ္စ ပြေလည်ရေးအတွက် မြန်မာဘုန်းတော်ကြီးကျောင်းတွေ တည်ရှိတဲ့ နေရာတွေကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက် ဖြေရှင်း ဆောင်ရွက်ပေးနေခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ကတော့ သံအမတ်ကြီး ဦးတင်ဝင်းက မဲဆောက်မြို့ကို ရောက်လာခဲ့ပါတယ်။

မဲဆောက်နယ်မြေထဲက မြန်မာ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းမှာ မြန်မာကျောင်းထိုင်တွေ သီတင်းသုံး နေတယ်ဆိုတာကို သိရလို့ အဲဒီ့မြန်မာ သံဃာတော်တွေကို မြန်မာနဲ့ ထိုင်းနှစ်ဖက် အစိုးရ နဲ့ သံဃာ့အဖွဲ့အစည်းများက အသိအမှတ်ပြုတဲ့ တရားဝင် ကျောင်းထိုင် သံဃာတွေ ဖြစ်မြောက်ရေး အတွက် သူ ကူညီ ဆောင်ရွက် ပေးနေတယ် လို့ သံအမတ်ကြီးက ဘီဘီစီကို ပြောပါတယ်။

ချင်းမိုင်က ဝပ်ဆိုင်မွန် မြန်မာဘုန်းတော်ကြီးကျောင်းနဲ့ မဲဆရီယန်မြို့က မန်တလေးကျောင်းတိုက်တွေမှာ မြန်မာ ကျောင်းထိုင်တွေ ခန့်အပ် ပေးနိုင်ခဲ့ပြီးပြီလို့ သံအမတ်ကြီးက ဆိုပါတယ်။

Image caption တကာ တကာမတွေက သံအမတ်ကြီးဆီ တရားဝင် တောင်းဆိုရမည်

ပြီးခဲ့တဲ့နှစ်တုံးက သက်တမ်း ၁၁၃ နှစ်ရှိပြီဖြစ်တဲ့ မဲဆောက်တောရ ကျောင်းဟောင်းက လက်ရှိ ကျောင်းထိုင် ဆရာတော် ဦးမဟိန္ဒဟာ ထိုင်းနိုင်ငံသား မဟုတ်ဘူး ဆိုပြီးတော့ ဖယ်ရှားပြီး ကျောင်းထိုင်နေရာ ၀င်ယူဖို့ ထိုင်းမှတ်ပုံတင် ကိုင်ထားတဲ့ မြန်မာ သံဃာတပါးက ကြိုးစားခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်း ဂေါပကတွေနဲ့ လက်ရှိကျောင်းထိုင်ကို ကြည်ညိုတဲ့ တကာတွေက လက်မခံလို့ ဖယ်ရှားရေးကိစ္စ မအောင်မြင်ခဲ့ ပါဘူး။

မဲဆောက်တောရကျောင်းဟောင်း ဆရာတော်ကို တရား၀င် ခန့်အပ်နိုင်ဖို့အတွက်၊ အဲဒီကျောင်းက ဂေါပကတွေနဲ့ တကာ၊ တကာမတွေက ပထမဆုံး မြန်မာသံအမတ်ကြီးဆီကို စာရေးသားပြီး တရားဝင် တောင်းဆိုရမှာ ဖြစ်ပါတယ်။ သံအမတ်ကြီးက မြန်မာအစိုးရနဲ့ သံဃာ့မဟာနာယက အဖွဲ့တွေဆီကို ထပ်ဆင့်တင်ပြပြီး၊ သူတို့ဆီက တရား၀င် ခန့်အပ်လွှာရရင်၊ ထိုင်းအစိုးရနဲ့ သံဃာ့ရာဇာ ခွင့်ပြုချက်နဲ့ နှစ်ဖက် တာ၀န်ရှိသူတွေက အခမ်းအနားနဲ့ ကျောင်းထိုင်အဖြစ် ခန့်အပ်ပေးသွားမယ်လို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းကပြောပါတယ်။