လျော်ကြေးတဲ့မယူသူတွေရဲ့ မြေယာတွေကို ရဲတွေ စောင့်ကြပ်ပြီး ကုမ္ပဏီက ခြံဝင်ခတ်

  • 12 အောက်တိုဘာ 2013
Image caption လက်ပံတောင်းက တောင်သူတွေရဲ့ ကန့်ကွက်ပွဲ

လက်ပန်းတောင် ကြေးနီစီမံကိန်း ဧရိယာမှာ ရှိတဲ့ လယ်မြေတွေထဲက လျော်ကြေးမယူပဲ ငြင်းဆန်နေသူတွေရဲ့ မြေယာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတွေ စောင့်ကြပ်ပြီး ကုမ္ပဏီက ခြံဝင်ခတ်လို့ မနေ့ကတော့ ရွာသားတွေနဲ့ ရင်ဆိုင် အချင်းများခဲ့ရပါတယ်။

မြေယာ လျော်ကြေးမယူတဲ့ သူတွေရဲ့ ယာခင်းတွေမှာ သွပ်ဆူးခတ် ၊ တိုင်စိုက် ၊ အခင်းကို မြေကော်စက်တွေနဲ့ ထိုးတာတွေ လာရောက် လုပ်ဆောင်ခဲ့တယ်လို့ ယာခင်းရှင် တယောက် ဖြစ်တဲ့ ဦးအောင်သန်းက ပြောပါတယ်။

ယာခင်းရှင်တွေက တားပေမယ့်လည်း အတင်းဖျက်ခဲ့ပြီး သူတို့ဖက်က အလုပ်သမား ၇ယောက်နဲ့ ကုမ္ပဏီ တရုတ် အရာရှိ တယောက် စကားပြန် တယောက်တို့ ပါတယ်လို့ သူက ဆိုပါတယ်။

မြေရှင်တွေက ဝင်တားတဲ့ အခါ အဲဒီ အဖွဲ့ဟာ အထက်တင်ပြမယ် ဆိုပြီး ပြန်သွားခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

ဒါပေမယ့် ညနေ မိုးချုပ်တော့ ရဲ နှစ်ရာ ၊ သုံးရာနဲ့ ရောက်လာပြီး တဖက်နဲ့ တဖက် ပဋိပက္ခ အသွင်ဆောင်ခဲ့တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

မြေယာလျော်ကြေး မယူရခြင်းက သူတို့ ပေးတာက တဧက ဆယ်သိန်း ဖြစ်ပြီး အဲဒီငွေ ဟာ ယာခင်း စိုက်တောင်သူတွေ အနေနဲ့ နှစ်နှစ်တောင် ရှာစရာ မလိုဘဲ ယာစိုက်ပြီး ဒီငွေ ပြန်ရနိုင်တယ်လို့ သူက ဆိုပါတယ်။

သူတို့ အနေနဲ့ တသက်လုံး စွန့်ရမယ့် ကြေးကို ဒီလောက်နဲ့ လက်မခံနိုင်ဘူးလို့ ပြောပြီး ကုမ္ပဏီ ဖက်က အလုပ်အကိုင် အခွင့်အလမ်း ပေးမယ် ဆိုတာကလည်း ၁ဝ ဧက ပိုင်မှာ တယောက်ဘဲ ပေးမှာ ဖြစ်ပြီး အဲဒီ တယောက် ကလည်း ဘွဲ့ ရ ဖြစ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

တောင်သူတွေ အနေနဲ့ ပညာမတက်လို့ ယာစိုက် စားနေတဲ့ အခြေအနေမှာ ဘယ်လိုလုပ် သူတို့ အလုပ်ကို ၀င်လုပ်ဖို့ ဖြစ်နိုင်မှာလဲလို့ သူက ဆိုပါတယ်။

အခုတော့ ကိုက်ငါးရာလောက်ကို ဝန်းခတ်ထားပြီး သူတို့ကလည်း ပြန်ဖျက်တာတွေ ရှိတယ်လို့ ပြောပါတယ်။

မနေ့က အထိ ဒါမျိုး လာရောက် ခြံခတ်တာ မလုပ်ဘူးလို့ ပြောပေမယ့် ဒီနေ့လာခတ်တာတွေ ရှိခဲ့တယ် နေ့တိုင်း ဒီလိုဘဲလို့ ဦးအောင်သန်းက ပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေက ဘာမှ လုပ်လို့ မရအောင် တားဆီးထားပြီး အကြမ်းဖက်တာတွေ ရှိနေတယ်လို့ ဦးအောင်သန်းက ရှင်းပြခဲ့ပါတယ်။