ဒုက္ခသည်တွေပါတဲ့ လှေမှောက်မှု အလားတူ ဖြစ်ရပ် သုံးခု သီးခြားစီ ဖြစ်ခဲ့

  • 12 အောက်တိုဘာ 2013
Image caption လှေမှောက်သူတွေကို ကယ်နေတဲ့ ပုံ

လှေစီးခိုးဝင်လာသူ ဒုက္ခသည်တွေ အပြည့် တင်ဆောင်လာတဲ့ နောက်ထပ် လှေတစင်း တိမ်းမှောက်ခဲ့တာကြောင့် အီတလီနဲ့ မော်လတာ နိုင်ငံက ကမ်းရိုးတမ်းစောင့် တပ်ဖွဲ့တွေ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင် နေပါတယ်။

မကြာခင် ရက်ပိုင်းတွေတုန်းကလည်း လှေစီးခိုးဝင်လာသူ ဒုက္ခသည်တွေ အပြည့် တင်ဆောင်လာတဲ့ လှေတစင်း အီတလီက လမ်ပဒူဆာကျွန်းမှာ တိမ်းမှောက်မှု ဖြစ်ခဲ့ပါတယ်။

မနေ့က မှောက်ခဲ့တဲ့လှေက အလောင်း ၂ရလောင်းကို လတ်တလော ရှာတွေ့ထားပြီလို့ မော်လတာ ဝန်ကြီးချုပ် ဂျိုးဆက်ဖ် မက်စ်ကတ်ထ် က ပြောပါတယ်။

အသက်မသေဘဲ ကျန်ရစ်သူ နှစ်ရာကျော် ရှိပြီး အဲဒီ အထဲက ဒဏ်ရာ အပြင်းအထန် ရတဲ့သူတွေကို ရဟတ်ယာဉ်တွေနဲ့ အီတလီက လန်ပဒူဆာကျွန်းကို ပို့ဆောင် ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဖြစ်ခဲ့တဲ့ လန်ပဒူဆာ လှေမှောက်မှုမှာ လူသုံးရာလောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မနေ့က သောကြာနေ့ အစောပိုင်းတုန်း အဲဒီ ဒေသတွင်းမှာ ဒုက္ခသည်တွေပါတဲ့ လှေမှောက်မှု အလားတူ ဖြစ်ရပ် သုံးခု သီးခြားစီ ဖြစ်ခဲ့ပြီး ရာနဲ့ချီတဲ့ လူကို ကယ်တင်ခဲ့ရပါတယ်။

မြေထဲပင်လယ် အရှေ့ဖက် အလက်ဇန်ဒရီးယားမြို့မြောက်ဖက်မှာလည်း အလားတူ ဒုက္ခသည်လှေ တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ၁၂ယောက် သေဆုံးသွားပါတယ်။

အဲဒီ လှေပေါ်ပါ ဆီးရီးယား လူမျိုး အယောက် လေးဆယ် ၊ ပါလက်စတိုင်း ၇၂ ယောက်နဲ့ အီဂျစ် နိုင်ငံသား လေးယောက် တို့ကို ကယ်တင်ခဲ့ရတယ်လို့ အီဂျစ် လုံခြုံရေး အရာရှိ တယောက်က ဘီဘီစီကို ပြောပါတယ်။

ပြည်တွင်းစစ် ဖြစ်နေတဲ့ ဆီးရီးယားက ထွက်ပြေးလာသူ လူတသိန်းလောက်ကို အီဂျစ်က စောင့်ရှောက်ထားရပြီး အဲဒီအထဲက တချို့ဟာ လူတွေ အပြည့်အကြပ် တင်ဆောင်ထားတဲ့ လှေတွေနဲ့ ဥရောပကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။