အပစ် မရပ်သေးတဲ့ တအန်း ပလောင်နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

  • 11 အောက်တိုဘာ 2013
TNLA, Ta'ang Liberation National Army
Image caption တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် အလံ

မြန်မာ အစိုးရတပ် တွေနဲ့ PSLF ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး အဖွဲ့ရဲ့ စစ်ရေး အဖွဲ့ခွဲ TLNA တအန်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့တို့ကြား အခု ရက်ပိုင်း အတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေ ပါတယ်။

အဲဒီ အဖွဲ့ဟာ အစိုးရနဲ့ အပစ်ရပ် လက်မှတ် မထိုးနိုင် သေးဘဲ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ ထဲက တစ်ဖွဲ့ ဖြစ်ပါတယ်။

အောက်တိုဘာ လ ၃ရက်၊ ၇ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်နေ့ တို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ PSLF အဖွဲ့ ဥက္ကဋ္ဌ တာအိုက်ဘုန်းက ဘီဘီစီကို ပြောပါတယ်။

အစိုးရ စစ်သားတွေနဲ့ တအန်း တပ်ဖွဲ့တွေ လှုပ်ရှား နေတဲ့ နမ့်ဆန် မြို့နယ် အတွင်း မန်းလုံ၊ ပန်အလောက်နဲ့ ဟူးမန်း ကျေးရွာ တို့မှာ ဖြစ်ခဲ့ တာလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က အပစ် အခတ်ရပ်စဲရေး ဆိုင်ရာ ပြည်နယ် အဆင့် ဆွေးနွေးပွဲ နောက်ပိုင်း အဲဒီ ဒေသမှာ ပထမဆုံး ဖြစ်တဲ့ တိုက်ပွဲတွေ လည်း ဖြစ်ပါတယ်။

PSLF ဗဟို ဌာနချုပ်က ချမှတ်ထားတဲ့ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ တအန်း တပ်ဖွဲ့ တပ်ရင်း ၂၅၆ က တရွာဝင် တရွာထွက် လူထုကို ဟောပြော စည်းရုံးနေချိန်မှာ နမ့်ဆန် အခြေစိုက် အစိုးရ တပ်တွေက နှောင့်ယှက်တဲ့ အနေနဲ့ လာရောက် တိုက်ခိုက်လို့ တိုက်ပွဲ ဖြစ်တာလို့ တာအိုက်ဘုန်းက ပြောပါတယ်။

အစိုးရ ဘက်ကတော့ ဒီတိုက်ပွဲတွေ အကြောင်း ထုတ်ပြန်တာ မတွေ့ရသေး ပါဘူး။

ပြီးခဲ့တဲ့ ပြည်နယ် အဆင့် ဆွေးနွေးပွဲမှာ အပစ်ရပ်ရေး လက်မှတ်မရေးထိုးနိုင် ခဲ့တဲ့ အတွက် နှစ်ဘက် တပ်တွေ ထိတွေ့ကြတဲ့ အခါ နှစ်ဘက် ညှိနှိုင်း လုပ်ဆောင်လို့ မရနိုင်ဘူးလို့ သူက ဆိုပါတယ်။

အဲဒီတုန်းက PSLF အဖွဲ့ ဘက်က တင်ပြထားတဲ့ အချက်တွေ ထဲမှာ အပစ်ရပ်ရေး မဆွေးနွေးခင် နိုင်ငံရေး ဆွေးနွေးဖို့၊ အစိုးရ ဘက်က တိုးချဲ့ထားတဲ့ တပ်တွေကို ပြန်ဆုတ်ပေးဖို့ နဲ့ နှစ်ဘက် တိုက်ပွဲတွေ လျှော့ချ နိုင်ရေး လုပ်ဆောင်ဖို့ နဲ့ အစိုးရ ဘက်က အပြု သဘော ဆောင်တဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်လာမယ် ဆိုရင် သူတို့ ဘက်က ဆက်လက် ဆွေးနွေးမယ်လို့ ပြောထားကြောင်း တာအိုက်ဘုန်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ သူတို့ တင်ပြချက်တွေ ဘာမှ ဖြစ်မလာတဲ့ အပြင် တိုက်ပွဲ တွေသာ ထပ်ဖြစ် လာတယ်လို့ သူက ပြောပါတယ်။

နမ့်ဆန်၊ မိုင်းတုံ နဲ့ နမ့်ခမ်း ဘက်မှာ အစိုးရ တပ်တွေက ထပ်မံ တိုးချဲ့လာနေတဲ့ အတွက် နောက်ထပ် တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တယ် လို့ ခန့်မှန်းတဲ့ အတွက် သူတို့ အနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ တာအိုက်ဘုန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ