တောင်ငူပေါက်ကွဲမှု နှစ်ဦးသေ တစ်ဦးဒဏ်ရာရ

  • 11 အောက်တိုဘာ 2013
Image caption ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ တောင်ငူမြို့ပြ မြေပုံ

တောင်ငူမြို့လယ် အမှတ် ၁ ရဲစခန်းနဲ့ ဘူတာရုံနားက ချမ်းမြေ့ တည်းခိုခန်းမှာ မနေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

တောင်ငူ အမှတ် ၁ ရဲစခန်းက ပေါက်ကွဲမှုဟာ မနေ့က သောကြာနေ့ ညပိုင်း ဂ နာရီ မိနစ် ငါးဆယ်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် အမျိုးသား တယောက် နေရာမှာတင် သေဆုံးသွားပြီး အမျိုးသမီး နှစ်ဦး ဒဏ်ရာရသွားပါတယ်။ အမျိုးသမီးနှစ်ယောက်ထဲမှာ ဒဏ်ရာ ပြင်းထန်စွာရသွားတဲ့ အမျိုးသမီးသမီးလည်း ထပ်ပြီး သေဆုံးသွားတယ်လို့ ရဲဌာနက စနေနေ့ မနက်ပိုင်း ဆက်သွယ်ကြည့်ချိန်မှာ ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲမှု မြင်ကွင်းကို သွားရောက် ကြည့်ရှုခဲ့တဲ့ တောင်ငူမြို့ခံ ကိုသီဟန်စိုးက ချမ်းမြေ့ တည်းခိုခန်း အခန်းခြောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီမှာ တည်းနေတဲ့ ညောင်လေးပင် မြို့မ လေးရပ်ကွက်က မယုယုခိုင် (အသက် ၂၄ နှစ်) နဲ့ မငြိမ်းသီတာ ( အသက် ၂ရ နှစ် ) တို့ ဒဏ်ရာ ရသွားပြီး သူတို့နဲ့ အခန်းချင်း ကပ်နေတဲ့ အခန်း၆ ဘီ မှာ တည်းနေတဲ့ တောင်ငူ မြန်မာ့ မီးရထား တပ်ခွဲ ၁ဝ က ရဲတပ်သား နေမျိုးကျော် ( အသက် ၂၉ နှစ် ) ကတော့ ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။

နောက်ပိုင်းမှာတော့ မယုယုကျော်လည်း ရထားတဲ့ ဒဏ်ရာနဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။

လောလောဆယ် အဲဒီနေရာကို ပိတ်ထားပြီး လုံခြုံရေးတွေ ချထားတယ် ၊ ဘီအီးတပ်က မိုင်းကြွင်းမိုင်းကျန် ရှိမလား ဆိုတာ စစ်ဆေးနေတယ်လို့ ကိုသီဟန်စိုးက ဆိုပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ဖြူးမှာလည်း မိုင်းတလုံး ရှာတွေ့ခဲ့ပြီး အဲဒီမိုင်းကို ခြေမြန် တပ်ရင်း ၃ဝ၆ ထဲယူသွားပြီး ဖောက်ခွဲလိုက်ရတယ်လို့ သူက ပြောပါတယ်။

အဲဒီလို ဖြူးမှာ မိုင်းရှာတွေ့ကတည်းက မြို့ထဲမှာ လုံခြုံရေးတွေ ချထားတာ တွေ့ရတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

တောင်ငူမှာ ခုလို ပေါက်ကွဲမှုတွေ မဖြစ်တာ တော်တော်ကြာနေပြီ ဆိုပေမယ့် ခု ပေါက်ကွဲမှုဟာ ဗုံးကြောင့်လား၊ ဘယ်လို ပေါက်ကွဲမှုလည်း ဆိုတာနဲ့ ဒီ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေဟာ ဘယ်သူ့ ပစ္စည်းလဲ ဆိုတာကို ရဲက ဆက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ