ဓါတုလက်နက်ဖျက်သိမ်းရေး စာချုပ် မြန်မာ အတည်ပြု အကောင်အထည် ဖေါ်ဖို့လို

  • 12 အောက်တိုဘာ 2013
Image caption သဘောတူ စာချုပ် အတည်ပြု လက်မှတ်ထိုးထားတဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ တသားတည်း ရပ်မရပ်ဆိုတာ မြန်မာ သုံးသပ်သင့်တယ်လို့ Phil Robertson ပြော

အမေရိကန် ပြည်ထောင်စု အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က မြန်မာ နိုင်ငံအနေနဲ့ ဓါတုလက်နက် အသုံးမပြုရေး နိုင်ငံတကာ သဘောတူ စာချုပ်ကို အတည်ပြု အကောင်အထည် ဖော်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီနိုင်ငံတကာ သဘောတူစာချုပ်ကို လွှတ်တော် တင်သွင်းပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ HRW က တိုက်တွန်းလိုက်တာပါ။

သောကြာနေ့တုန်းက နိုဘဲလ် ငြိမ်းချမ်းရေးဆု ရသွားတဲ့ OPCW ဓါတု လက်နက် တားမြစ်ရေး အဖွဲ့ကလည်း ဒီသဘောတူ စာချုပ်ကို မြန်မာ အစိုးရ လက်တွေ့ အကောင်အထည်ဖော်ရေးအတွက် ဖေဖော်ဝါရီလတုန်းက နေပြည်တော်ကို လာရောက် ဆွေးနွေး သွားပါတယ်။

HRW အာရှဌာနခွဲရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က ခုဆိုရင် OPCW အဖွဲ့ဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပြီ ဖြစ်ကြောင်း၊ ဒါ့ကြောင့် ဓါတုလက်နက် အသုံးမပြုရေးကို နိုင်ငံတိုင်း လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်ရေးဟာ OPCW အတွက် အရင်ကထက် ပိုပြီး တာဝန်ရှိလာပြီ ဖြစ်ကြောင်း၊ တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကတည်းက ဓါတုလက်နက် အသုံးမပြုရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ရှေ့တဆင့်တိုး လက်တွေ့ အကောင်အထည် ဖေါ် ဆောင်ရွက်သင့်ကြောင်း ဘီဘီစီကို ပြောပါတယ်။ လက်မှတ်ရေးထိုးလိုက်တယ်ဆိုတာက သဘောတူ ဆောင်ရွက်ပါ့မယ်လို့ ဖော်ပြ လိုက်တာဖြစ်ပြီး အတည်ပြု အကောင်အထည်ဖော်တယ်၊ Ratify လုပ်တယ် ဆိုတာကတော့ နိုင်ငံတကာ စာချုပ်မှာ ပါရှိတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ ပြည်တွင်းမှာ ဥပဒေ ပြဌာန်း အတည်ပြုပြီး အကောင်အထည်ဖော်တာကို ဆိုလိုတယ်လို့ Phil Robertson ကပြောပါတယ်။

မြန်မာအစိုးရ ဓါတုလက်နက် အသုံးပြုတယ်လို့ KIA ကချင်လက်နက်ကိုင် သူပုန်အဖွဲ့က အကြိမ်ကြိမ် စွပ်စွဲ ပြောဆိုခဲ့ဖူးပေမဲ့ The Nuclear Initiative ဆိုတဲ့ နျူကလီးယား တားဆီးရေး အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ဓါတုလက်နက် ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်ဘူးလို့ ဆိုပါတယ်။

HRW အာရှဌာနခွဲရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson ကတော့ မြန်မာအစိုးရ လက်ထဲမှာ ဓါတုလက်နက် ပိုင်ထားသလား မပိုင်ဘူးလားဆိုတာနဲ့ ပတ်သက်ပြီး ဘာသတင်း အချက်အလက်မှ သူတို့ ရထားတာ မရှိကြောင်း၊ ဒါပေမယ့်လည်း ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၀ ကျော်က ဓါတုလက်နက် အသုံးမပြုရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ထားပြီးကြပြီမို့ မြန်မာဟာ အဲဒီနိုင်ငံတွေနဲ့ တသားတည်း ရပ်တည်မလား။ ဒါမှမဟုတ် လက်မှတ် မရေးထိုးတဲ့ မြောက်ကိုရီးယား၊ တောင်ဆူဒန်လိုနိုင်ငံတွေနဲ့ တသားတည်း ရပ်တည်မလားဆိုတဲ့ အချက်ကို မြန်မာအစိုးရအနေနဲ့ စဉ်းစား သုံးသပ်ဖို့ လိုကြောင်း ပြောသွားပါတယ်။

ကမ္ဘာပေါ်မှာ အခုအထိ နိုင်ငံတကာ ဓါတုလက်နက် အသုံးမပြုရေး စာချုပ်ကို လက်မှတ် လုံးဝ မရေးထိုးရသေးတဲ့ နိုင်ငံတွေကတော့ အင်ဂိုလာ၊ အီဂျစ်၊ မြောက်ကိုရီးယား၊ တောင်ဆူဒန်နိုင်ငံတို့ ဖြစ်ပြီး လက်မှတ်ထိုးထားပြီး အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံတွေကတော့ မြန်မာနဲ့ အစ္စရေးနိုင်ငံတို့ ဖြစ်ပါတယ်။