လက်ပံတောင်း စီမံကိန်းက ယာမြေတွေပေါ်မှာ ရဲအများအပြား ဖြန့်ကျက်ချထား

  • 12 အောက်တိုဘာ 2013
Image caption လက်ပံတောင်းက တင်းမာတဲ့ အခြေအနေ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ လျော်ကြေးမယူရသေးတဲ့ မြေတွေကို ကုမ္ပဏီက ခြံစည်းရိုးခတ်နေတာကြောင့် ဒေသခံတွေနဲ့ လုံခြုံရေးယူထားတဲ့ ရဲတွေ အကြား နှစ်ဖက်အခြေအနေ တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ နောက်ဆုံး အခြေအနေ အရ ရဲအင်အားအများအပြားလည်း ယာမြေတွေပေါ်မှာ ဖြန့်ကျက်ချထားတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဧရိယာမှာ ကုမ္ပဏီဘက်ကနေ လျော်ကြေး မယူရ သေးတဲ့ မြေတွေကိုပါ ခြံခတ်နေလို့ မိုးကြိုးပြင်နဲ့ ဆည်တည်း ရွာဘက်မှာ ဒေသခံ ၁၀၀ လောက်နဲ့ ရဲအင်အား ၅၀၀ လောက်အကြား အပြန်အလှန် တားဆီးမှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီ တင်းမာမှု ဖြစ်တဲ့နေရာကို ရောက်နေတဲ့ ဆည်တည်းရွာသူ မသန်းနုကလည်း လျော်ကြေး မယူရသေးတဲ့ သူတို့ပိုင် မြေဧက ၁၀ဝ ကျော် ခြံစည်းရိုးခတ်ခံရလို့ လာတား နေရတာလို့ ပြောပါတယ်။

အကြီးစား စီမံကိန်းတွေ စတော့မှာ ဖြစ်လို့ ကုမ္ပဏီဘက်က အခုလို ခြံခတ်မှုတွေ လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ကတော့ အစီရင်ခံစာပါ အချက်တွေ အတိုင်း လုပ်နေတာဖြစ်ပြီး ဒေသခံတွေ နစ်နာမှု မရှိအောင် အတတ်နိုင်ဆုံး ဆောင်ရွက်နေတာဖြစ်လို့ စီမံကိန်းကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အာဏာပိုင်တွေဖက်က စီမံကိန်းကို ဘာအကြောင်းကြောင့်နဲ့မှ ရပ်တန့်မှာမဟုတ်ဘူးလို့ ဆိုပေမယ့် ဒေသခံအများအပြားကတော့ လျော်ကြေးလုံးဝယူမှာ မဟုတ်ပဲ သူတို့ပိုင်တဲ့မြေတွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ကိုပဲ ဆက်လက် တောင်းဆိုသွားမယ်လို့ ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ