လက်ပံတောင်းတောင်ခြေ ခြံစည်းရိုးခတ်

  • 13 အောက်တိုဘာ 2013
bbc_letpadaung_
Image caption လက်ပံတောင်းတောင် ဒေသခံများ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာမှာ ကုမ္ပဏီဘက် က လုပ်ငန်းတွေ ပြန်လုပ်နေခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ရဲ့ အစီရင်ခံစာ နဲ့ မညီဘူး ဆိုပြီး ဒေသခံတွေ က ကန့်ကွက် ကြပါတယ်။ အစီရင်ခံစာ ထဲမှာ ဒေသခံတွေ ကို လျော်ကြေး ပေးရေး ညှိနှိုင်း ပြီးမှ လုပ်ငန်းပြန်စရေး အချက် ပါရှိပါတယ်။

အခုတော့ လျော်ကြေး မယူရသေးတဲ့ တောင်သူလယ်သမား တွေ ရဲ့ မြေယာတွေ ကို ခြံစည်းရိုးခတ်ခြင်း ဟာ အစီရင်ခံစာပါ အချက်တွေ ကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်တာနဲ့ အလားတူကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ပုလဲမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဘီဘီစီ ကို ပြောပါတယ်။

ဒေသခံတွေ နဲ့ လည်း ပြေလည်အောင် ညှိနှိုင်းခြင်းမရှိ၊ သတ်မှတ်တဲ့ ရက်မှာ လျော်ကြေးငွေ မယူရုံနဲ့ အခုလို ပြုမူ ဆောင်ရွက်ခြင်းဟာ ဒေသတည်ငြိမ် အေးချမ်းမှု၊ ပြည်သူလူထု အကျိုးစီးပွား ကို မကြည့်ဘူး လို့ နားလည်ကြောင်း ဒေါ်ခင်စန်းလှိုင် က ရှင်းပြပါတယ်။

လုံခြုံရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီးက လျော်ကြေး ပေးလျက်သားနဲ့ တောင်သူတွေက မယူခြင်းဖြစ်ကြောင်း၊ ဒီစီမံကိန်းဟာ ဖျက်လို့ မရတဲ့ အကြောင်း၊ ဒါကြောင့်မို့ ဆက်လုပ်ရမှာ ဖြစ်တဲ့ အကြောင်း ပြောထားပေမယ့်၊ ဒေသခံတွေ အနေနဲ့ လည်း ရေတို၊ ရေရှည် အကျိုးစီးပွား၊ ခိုင်မာတဲ့ စီးပွားရေး၊ ဘဝရပ်တည်ချက် စတာတွေ ဆောင်ရွက်ပေးရေး အပိုင်း မှာ အစိုးရ ဘက် က ပွင့်လင်းမြင်သာ မှု မရှိတဲ့ အတွက် လျော်ကြေး မယူတာ ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင် က ဘီဘီစီ ကို ပြောပါတယ်။ နိုင်ငံတော် အတွက်ရော၊ ဒေသခံ ပြည်သူတွေ အတွက်ပါ အကျိုးရှိမယ် ဆိုရင် ဒေသခံ တွေ အနေနဲ့ ကန့်ကွက်စရာ မရှိကြောင်း လည်း သိရပါတယ်။