တရက်အတွင်း ဗုံးပေါက်ကွဲမှု ၂ခုဖြစ်ခဲ့

  • 13 အောက်တိုဘာ 2013
Image caption ရန်ကုန်မြို့ ဘတ်စ်ကား မှတ်တိုင် တွေနားမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့

ရန်ကုန်မြို့မှာ တရက်အတွင်း ဗုံးပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ညနေ ၅နာရီ ၄၀မိနစ်မှာ သာကေတမြို့နယ် မာန်ပြေ ၃ရပ်ကွက်က ကားမှတ်တိုင် တခုနားမှာ ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ပလတ်စတစ် ကောက်တဲ့ ကလေးငယ် နှစ်ဦး ဒဏ်ရာ ရသွားပြီး ဆေးရုံ ပို့လိုက်ရပါတယ်။

အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း မင်္ဂလာဒုံဘက်ကို သွားတဲ့ဘက် အခြမ်း ကားမှတ်တိုင် တခုက ခရီးသည် နားဖို့ လုပ်ထားတဲ့နေရာမှာလည်း မနက် လင်းအားကြီး ၁၂ နာရီ ကျော် လောက် က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဒီပေါက်ကွဲမှုကြောင့် ဘတ်စ်ကား မှတ်တိုင်က ထိုင်ခုံနဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေ ပျက်စီး သွားပေမယ့် ညဘက် လူရှင်းတဲ့အချိန် ဖြစ်တဲ့ အတွက် သေဆုံးသူ၊ ထိခိုက် ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

အဲဒီနေရာကို ရှင်းလင်းနေစဉ်မှာ စည်ပင်သာယာ အမှိုက်ပုံးထဲမှာ မပေါက်ကွဲ သေးတဲ့ နောက်ထပ် လက်လုပ်ဗုံး တစ်လုံးကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန် ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အထူးသဖြင့် ဘတ်စ်ကား မှတ်တိုင်တွေ လူစည်ကားတဲ့ နေရာတွေမှာ လိုချင်စဖွယ် အထူးအဆန်း ရေဒီယိုလို နာရီလို ပစ္စည်းမျိုးတွေကို သတိထားဖို့နဲ့ ပိုင်ရှင်မဲ့ အထုပ်တွေကို သတိထားကြဖို့ သူက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လည်း ပဲခူးတိုင်း ဖြူးမြို့ က ခရီးသည်တင် ကား တစ်စီး ပေါ် မှာ လက်လုပ်မိုင်း တစ်လုံး ရှာတွေ့ခဲ့ သလို အောက်တိုဘာလ ၁၁ ရက်နေ့ ကလည်း တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်းမှာ ဗုံးပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး ခဲ့ပါတယ်။