ရန်ကုန်နဲ့ မန္တလေးမှာ ဗုံးတွေ့ရှိ

  • 14 အောက်တိုဘာ 2013
မန္တလေး မှာတော့ ဗုံးတွေ့တယ် ဆိုတဲ့ နေရာကို လုံခြုံရေး အထူး ချထားခဲ့ ပါတယ်

ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ တနင်္လာနေ့က ဗုံးတွေ တွေ့ရှိ လို့ လုံခြုံရေးတွေ ကနေ ဖယ်ရှား ဖျက်ဆီးမှုတွေ လုပ်ခဲ့ရပြီး၊ တခြား ဗုံးလန့် မှုတွေ လည်း ရှိခဲ့ပါတယ်။

ရန်ကုန် အလုံက Western Park 2 စားသောက် ဆိုင်မှာ ဗုံးတလုံး တွေ့ ခဲ့လို့ လုံခြုံရေးတွေ ကနေ ဖယ်ရှား ခဲ့ရတာ ဖြစ်ပါတယ်။

မန္တလေး မှာတော့ လမ်း ၈၀ ၁၆ လမ်းထောင့်က ရွှေဘဲ စားတော်ဆက် ရှေ့မှာ နေ့လယ် ပိုင်းက ဓာတ်ခဲ ၆ လုံး တပ်ထားတဲ့ လက်လုပ် ဗုံး တလုံးကို တွေ့ရှိ ခဲ့လို့ သက်ဆိုင် ရာက ဖျက်ဆီးလိုက် ပါတယ်။

ညနေ ၃ နာရီ လောက်မှာတော့ ဝေပုလ္လရာမ ခေါ် မက္ခရာ ကျောင်းတိုက် ရှေ့မှာ ဗုံးလို့ ယူဆ ရတဲ့ အထုပ် တထုပ်ကို တွေ့ရပြီး၊ နောက်ပိုင်း မှာတော့ ဗုံး မဟုတ် ကြောင်း သိရပါတယ်။

လူ ၈ သောင်း လောက် ဝင်ထွက် သွားလာ နေတဲ့ ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ကားဂိတ် မှာလည်း နေ့လယ် ပိုင်းက ဗုံးတွေ့တယ် ဆိုပြီး လူတွေ အထိတ် တလန့် သတင်း ပို့တာ ရှိကြောင်း ရွှေလီ ရတနာ ကားဂိတ် ပိုင်ရှင် ဦးရန်နိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်စဉ် တွေနဲ့ ပတ်သတ်လို့ လူစည်ကားရာ နေရာတွေ ဖြစ်တဲ့၊ သင်္ဘောဆိပ် ကားဂိတ် မီးရထား ဘူတာရုံ ၊ လေဆိပ် စတဲ့ နေရာတွေမှာ ရဲတပ်ဖွဲ့တွေ က ပုံမှန် လှည့်ကင်း၊ ပတ်ကင်း၊ စောင့်ကြည့် ကင်းများ အပြင်၊ အရပ်ဝတ်နဲ့လည်း ဖြန့်ကြက် ပြီး နေ့/ည မပြတ် စောင့်ကြည့်ကာ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ပေး ထား တယ်လို့ ရဲတပ်ဖွဲ ကပြော ပါတယ်။

ဗုံးတွေ တွေ့ နေ တာဟာ ဘယ်သူ့ လက်ချက် ဖြစ်တယ် ဆိုတာကို အစိုးရက ဒီနေ့ အထိတော့ ထုတ်ပြောခြင်း မရှိ သေးပေမယ့်၊ ဗုံးတွေဟာ မပေါက်ခင် ဘာလို့ တွေ့နေ တာလဲ၊ ဘယ်သူတွေက လုပ် နေတာလဲ ဆိုတာကို၊ လူတွေ ကတော့ သိ ချင် နေကြပါတယ်။

တနင်္ဂနွေနေ့ ကလည်း ရန်ကုန်မြို့မှာ ဗုံးပေါက် ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ရာ၊ ပလတ်စတစ် ကောက်တဲ့ ကလေးငယ် နှစ်ဦး ဒဏ်ရာ ရသွားပြီး ဆေးရုံ ပို့လိုက်ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ