သတင်းစာ ဆရာကြီး ဦးစိန်၀င်း ကွယ်လွန်သွားပါပြီ

  • 17 အောက်တိုဘာ 2013
Image caption သတင်းစာ ဆရာကြီး ဦးစိန်ဝင်း

မြန်မာ့ သတင်းလောကမှာ ကလောင်စွမ်းထက်တဲ့ ဂါးဒီးယန်း ဦးစိန်၀င်းလို့ လူသိများတဲ့ သတင်းစာ ဆရာကြီး ဦးစိန်၀င်း ဟာ အသက် ၉၂ နှစ် အရွယ်မှာ ဒီကနေ့ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။

မြန်မာပြည်မှာ သာမက နိုင်ငံခြား သတင်း ဌာနလောကမှာပါ ဂါဒီယန်း သတင်းစာ အယ်ဒီတာနဲ့ အေပီ သတင်းထောက်ဟောင်းလို့ လူသိများခဲ့တဲ့ ဂါးဒီးယန်း ဦးစိန်၀င်းဟာ မဟာမြိုင် ဆေးခန်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ ညင်သာစွာနဲ့ဘဲ အသက်ပျောက်သွားခဲ့တာ ဖြစ်တယ်လို့ သမီး ဖြစ်သူ လက်ရှိ အေပီ သတင်းထောက် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

ဆရာကြီး ကွယ်လွန်သွားတာဟာ သတင်းလောကမှာ အစားထိုး မရတဲ့ ကွပ်လပ် တခု ဖြစ်တယ်လို့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကလည်း ဆိုသွားခဲ့ပါတယ်။

ဦးစိန်ဝင်း ဟာ သူလေးလေးစားစား မှတ်မှတ် ရရ ရှိတွေအထဲ ထိပ်ဆုံးက ပါတယ်လို့ သူက ပြောပါတယ်။

သတင်းစာ ပညာနဲ့ ပတ်သက် အသိပညာ ဖြန့်ဖြူးရေး လုပ်တာ ၊ သင်တန်း ပေးတာနဲ့ ပညာပေး စာစောင်တွေ ထုတ်ရာမှာ ထိပ်ဆုံးက ပါဝင်တယ်လို့ ဦးဝင်းတင် က ရှင်းပြခဲ့ပါတယ်။

သတင်း လွတ်လပ်ခွင့် ရဖို့ တိုက်ပွဲဝင်ခဲ့တဲ့ အတွက် အလုပ်ထုတ်ခံရတာလည်း ကြုံခဲ့ရဖူးသူ တယောက် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဆရာကြီး ဦးစိန်ဝင်း ဟာ Public Figure ဖြစ်ပေမယ့် စင်ပေါ်မှာ မတွေ့ရဘဲ နောက်တန်းမှာဘဲ နေသူတယောက် ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ဆရာ ဦးစိန်၀င်းဟာ ၁၉၄၂ ဂျပန်ခေတ်ကတည်းက သတင်းသမား လုပ်ခဲ့ပြီး အဲဒီခေတ်ကထုတ်တဲ့ မြန်မာ သတင်းစာတစောင်မှာ ဘာသာပြန် လုပ်ခဲ့တာက စလို့ နောက်ပိုင်းမှာ သတင်းထောက်၊ အယ်ဒီတာ၊ ထုတ်ဝေသူ စသည်ဖြင့် သတင်းလောကမှာ ကျင်လည်ခဲ့ပါတယ်။

အေပီသတင်းဌာနမှာ ၁၉၆၉ ကနေ ၁၉၈၉ အထိ သတင်းထောက်ဘ၀နဲ့ နှစ် ၂၀ အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး ၁၉၅၈ မှာ ဂါးဒီးယန်း သတင်းစာ အယ်ဒီတာနဲ့ ထုတ်ဝေသူ ဖြစ်လာခဲ့ပါတယ် ။

ဂျပန်ခေတ်ကစပြီး တပါတီအာဏာရှင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်ထိ သတင်းစာ လွတ်လပ်ခွင့် မရှိတဲ့ကြားက ကြိုးစားပြီး သတင်းအလုပ်ကို တစိုက်မတ်မတ်လုပ်ခဲ့သူဖြစ်ပါတယ်။

ဂါးဒီးယန်း ဦးစိန်၀င်းဟာ ၁၉၆၃ ခုနှစ် မှာ နိုင်ငံတကာ သတင်းစာ ထုတ်ဝေသူများအသင်းက ချီးမြှင့်တဲ့ ရွှေဖောင်တိန် သတင်း လွတ်လပ်ခွင့်ဆုကို ရခဲ့ပါတယ်။

ဒါပေမယ့် ပြည်ပ ထွက်ခွာခွင့်မရခဲ့လို့ အဲဒီဆုကို နှစ်များစွာ စောင့်ဆိုင်းပြီးတော့မှ သွားယူခဲ့ရပါတယ်။

ဦးနေ၀င်း လက်ထက်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အစိုးရကို အာခံတယ်လို့ သံသယနဲ့ လူတွေအများကြီးကို ဖမ်းဆီးထောင်ချတဲ့ထဲ ဦးစိန်၀င်းလည်းပါတဲ့အတွက် ထောင် ၃ နှစ်ကျခဲ့ဖူးပါတယ်။

ဆရာ ဦးစိန်၀င်းရဲ့ ဈာပနကို သီတင်းကျွတ်လပြည့်နေ့ နက်ဖြန် စနေနေ့မှာ ရေဝေး သုဿာန်မှာ သဂြိလ်မယ်လို့ သိရပါတယ်။