အမျိုသမီးဗိုလ်လောင်းတွေ ခေါ်ယူ

  • 17 အောက်တိုဘာ 2013
Burma Military Women Advert
Image caption အမျိုးသမီး ဗိုလ်လောင်းတွေ ခေါ်ယူမယ်

မြန်မာ အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာနမှာ တာဝန် ထမ်းဆောင်ဖို့ဘွဲ့ရ အမျိုး သမီး ဗိုလ်လောင်းတွေ အလိုရှိတယ်လို့ စစ်ရာထူးခန့်ချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

အရင်က စစ်သမီးတွေ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ မြန်မာ အမျိုးသမီးတွေ ရှိခဲ့ပေမဲ့ ခန့်ထားမှုတွေ ရပ်တန့် ထားခဲ့ပြီး ဆယ်စုနှစ်ပေါင်း များစွာ အတွင်း အခုမှ ပထမဆုံး ပြန်လည် ခေါ်ယူတာ ဖြစ်ပါတယ်။

အခု နောက်ပိုင်း နှစ်တွေမှာ စစ်သူနာပြုတွေ အဖြစ်တောင်မှ အမျိုးသမီးတွေကို မခေါ်တော့ဘဲ အမျိုးသား တွေကိုသာ ခေါ်ယူ သင်တန်းပေး ခန့်ထားတာ တွေလုပ်ခဲ့ တာပါ။

အမျိုးသမီး ဗိုလ်လောင်းတွေ ပြန်လည် ခေါ်ယူတာဟာ တိုးတက်မှု ပဲ ဖြစ်တယ်လို့ တပ်မတော် စစ်ဆေးရုံက ဗိုလ်ကြီး အဆင့် စစ်သူနာပြု အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

နိုင်ငံတကာမှာလည်း အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တန်းတူ ကျရာ တာဝန် ထမ်းဆောင်နိုင်သလို မြန်မာ အမျိုးသမီးတွေလည်း လုပ်နိုင်တယ် ဆိုတာ ပြနိုင်မှာ ဖြစ်လို့ သူ့ အနေနဲ့ သဘောကျတယ်လို့လည်း အဲဒီ စစ်သူနာပြုက ပြောပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ရုံးက ခေါ်ယူတဲ့ ကြော်ညာမှာ ဗိုလ်လောင်း အမျိုးသမီးတွေကို ဘယ်နေရာ တွေမှာ ခန့်ထားမယ် ဆိုတာ ထည့်သွင်း ပြောမထားပေမဲ့ သူတို့ကို အုပ်ချုပ်ရုံးတွေမှာ ခန့်ထားဖို့သာ ဖြစ်တယ်လို့ သိရကြောင်းလည်း သူက ပြောပါတယ်။

အခုလို အမျိုးသမီး ဗိုလ်လောင်းတွေ ခေါ်ယူတာဟာ နိုင်ငံတကာနဲ့ တန်းတူ အမျိုးသမီးတွေကို အခွင့် အရေး ပေးတဲ့ အနေနဲ့ ဖြစ်နိုင်တယ်လို့ စောစောက ပြောခဲ့တဲ့ တပ်မတော် စစ်ဆေးရုံက ဗိုလ်ကြီး အဆင့် စစ်သူနာပြု အမျိုးသမီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ