ခေတ်သစ် ကျွန်ပြုခံရသူ အများဆုံးနိုင်ငံထဲမှာ မြန်မာ ပါ

  • 18 အောက်တိုဘာ 2013
မြန်မာနိုင်ငံမှာ ခေတ်သစ် ကျွန်ပြုခံရသူ ၄သိန်း နီးပါး ရှိတယ် လို့ အစီရင်ခံစာက ဆို

ဒီကနေ့ ကမ္ဘာတဝန်းမှာ ခေတ်သစ် ကျွန်ပြုခံ ရသူတွေ အများအပြား ရှိနေတယ်ဆိုပြီး သြစတြေးလျ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ခု ဖြစ်တဲ့ Walk Free Foundation က သူတို့ရဲ့ အခု နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။

Walk Free Foundation ရဲ့ စစ်တမ်းထဲမှာ ကမ္ဘာ့နိုင်ငံ ၁၆၂ နိုင်ငံမှာ သူတို့အဆိုအရ ခေတ်သစ် ကျွန်ပြုခံရသူ သန်း ၃၀ နီးပါး ရှိတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အများဆုံးအနေနဲ့ အိန္ဒိယက ၁၄ သန်းနီးပါး၊ သူ့နောက်မှာတော့ တရုတ်၊ ပါကစ္စတန်၊ နောက် အာဖရိကန်နိုင်ငံတွေ ဖြစ်တဲ့ နိုင်ဂျီးရီးယား၊ အီသီယိုပီးယားတို့ ပါဝင်ပါတယ်။

အာရှမှာ ဆိုရင်တော့ ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့က ထိပ်ဆုံး ၁၀ နိုင်ငံမှာ ပါ၀င်နေပါတယ်။

မြန်မာနိုင်ငံ ကတော့ အဆင့် ၉ နေရာမှာ ရှိပြီး ခေတ်သစ် ကျွန်ပြုခံရသူ ၃ သိန်း ၈ သောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ခေတ်သစ် ကျွန်ပြု ခံရသူတွေမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ မိန်းကလေးငယ်တွေ များပြီး ဆင်းရဲ မွဲတေမှု၊ ဉာဏ်ပညာ နည်းပါးမှု၊ တရားဥပဒေ စိုးမိုးမှု မရှိမှု တွေကြောင့် အခုလို ဖြစ်ရတာလို့ အမျိုးသမီး အခွင့်အရေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကရင် အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့က ဒါရိုက်တာ နော်ဆူစန်နာ လှလှစိုးက ဘီဘီစီကို ပြောပါတယ်။

ခေတ်သစ် ကျွန်ပြုခံရမှု ပပျောက်သွားရေးအတွက် ဆင်းရဲမွဲတေမှု ပပျောက်အောင်နဲ့ ကလေးငယ်တွေ ကျောင်းနေနိုင်အောင် စာတတ်အောင် ဆောင်ရွက်ပေးရမှာ ဖြစ်သလို ပညာပေးမှုတွေ လုပ်ဖို့လည်း အများကြီး လိုအပ်တယ်လို့ နော်ဆူစန်နာ လှလှစိုးက ပြောပါတယ်။

Walk Free Foundation လူ့အခွင့်အရေး အဖွဲ့ကတော့ အခုလို အစီရင်ခံစာ ထုတ်ပြန်ပြီး အခြေအနေတွေကို ဖော်ပြလိုက်တဲ့အတွက် အစိုးရတွေအနေနဲ့ သူတို့အဆို ဖုံးကွယ်နေတဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ် ဖြေရှင်းရာမှာ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ဒီစစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

ဒီစစ်တမ်းကို ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟေလာရီ ကလင်တန်နဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ တို့ကလည်း ထောက်ခံခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ လက်တွေ့ ဖြေရှင်း ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။