ဒေါ်စုရဲ့ မြောက်ပိုင်း အိုင်ယာလန် ခရီးစဉ်

  • 18 အောက်တိုဘာ 2013
တတိယမြောက် ဥရောပ ခရီးစဉ် အတွက် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်က ထွက်လာစဉ်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်းဖြစ် ကော့မှူးမြို့နယ် လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယ အကြိမ်မြောက် ဗြိတိန် ခရီးစဉ်မှာ မြောက်ပိုင်း အိုင်ယာလန် ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သွားရောက် လေ့လာမယ်လို့ သိရပါတယ်။

ခုလို မြန်မာ ပြည်က အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ ဒီလို လာပြီး လေ့လာနေကြတဲ့ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး လုပ်ငန်းဟာ တကူးတက သွားလေ့လာရအောင် မြန်မာ နိုင်ငံ အတွက် သင်ခန်းစာ ယူစရာတွေ ရှိနေသလား ၊ မြန်မာပြည် ငြိမ်းချမ်းရေး နီးလာပြီလားလို့ ဗဟု( ဖွံ့ဖြိုးမှု ) အဖွဲ့က သုတေသီ တယောက်ကို ဘီဘီစီက မေးမြန်းကြည့်ခဲ့ပါတယ်။

အိုင်ယာလန် နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံ တခုဖြစ်တယ် ၊ Conflict ပိုင်းဆိုင်ရာ ကျတော့ မြို့ပေါ် ဗုံးခွဲမှု ၊ အကြမ်းဖက်မှု စတဲ့ ကိစ္စတွေ အများအပြား ကြုံဖူးတဲ့ နိုင်ငံ တခု ဖြစ်ပြီး မြန်မာ နိုင်ငံမှာတော့ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့ အနေအထားနဲ့ ကွာတဲ့ အကြောင်း အဲဒီ အဖွဲ့က သုတေသီ ကိုအောင်သူငြိမ်း က ပြောပါတယ်။

ဖြစ်နိုင်တဲ့ အကြောင်းတခုကတော့ အိုင်ယာလန် ဖက်က ဖိတ်လို့ ဒေါ်အောင်ဆန်း စုကြည်က သွားရောက်တာ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

အိုင်ယာလန် နိုင်ငံက ပဋိပက္ခတွေ ဘယ်လို ပြေလည် သွားသလဲ ဆိုတာ သင်ခန်းစာ ယူနိုင်မယ်လို့ ထင်ကြောင်း ကိုအောင်သူငြိမ်းက ရှင်းပြခဲ့ပါတယ်။

အရင်ကလည်း အိုင်ယာလန်ကို သွားရောက် လေ့လာဖူးတဲ့ အဖွဲ့တွေ ရှိခဲ့ဖူးပြီး ဘယ်လိုများ အကျိုးရှိတာ တွေ့ရလဲလို့ မေးကြည့်တဲ့ အခါ သူက တချို့ အရပ်ဖက် အဖွဲ့တွေဟာ ပြန်သွားတဲ့ အခါ ငြိမ်းချမ်းရေး ကိစ္စတွေကို တက်တက်ကြွကြွ လုပ်တွေ ရှိတယ် ၊ တိုင်းရင်းသား ကိစ္စတွေမှာ ဆိုလဲ အပစ်ရပ်ရေးမှာ ဘယ်လို စောင့်ကြည့်မလဲ ဆိုတာ စသဖြင့် သူတို့ ပြန်လည် အသုံးချတာတွေ ရှိပါတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အစိုးရ ဖက်က မူဝါဒ ချမှတ်သူတွေ ဆိုရင်တော့ တချို့ ကိစ္စတွေက သူတို့အတွက် အကျိုးရှိတယ်လို့ ထင်ကြောင်း သူက ပြောပါတယ်။

အခု ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်ရှိ ပဋိပက္ခတွေမှာ ထိပ်တိုက် တွေ့တာတွေ လျော့ကျသွားတာတွေ မြင်ရပြီး အပစ်ရပ်ရေး ပိုမို ခိုင်မာလာအောင် လုပ်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာပြီး ဥပမာ အနေနဲ့ ဆိုရင် ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စတွေမှာ အစိုးရကို ဘယ်လို အာမခံချက် ပေးမလဲ ၊ စုစည်း သိမ်းသွင်းတာတွေ ဘယ်လို လုပ်မလဲ စသဖြင့် ပြန်လည် အသုံးချယူနိုင်တဲ့ ကိစ္စတွေဟာ အရေးပါ လိမ့်မယ်လို့ ထင်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

အခု အချိန်မှာ အပစ်ရပ်ရေးကို တိုင်းရင်းသား အဖွဲ့တော်တော်များများနဲ့ သဘောတူထားတာ တွေ့ရပြီး ပြဿနာက လက်ရှိ ဖွဲ့စည်းပုံ အရ လက်နက်ကိုင် အဖွဲ့ တခုတည်းဘဲ တိုင်းပြည်မှာ ရှိရမယ် ဆိုတော့ တိုင်းရင်းသား တွေဖက်ကလည်း လက်နက် မစွန့်ချင် တဖက်ကလည်း ဒါတွေကို သိမ်းသွင်းရမယ့် အတွက် အချိန်ယူ လုပ်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ကိစ္စ ၊ မြေယာ သိမ်းယူတာတွေ စတာတွေကို အချိန်ယူ ဖြေရှင်းဖို့ လိုတယ်လို့ ကိုအောင်သူငြိမ်းက သူ့အမြင်ကို ပြောပါတယ်။

တိုင်းရင်းသား အဖွဲ့တွေ ရေရှည် ရပ်တည်ရေး ကိစ္စက ထည့်သွင်း စဉ်းစားရမယ့် အချက်တချက်ဘဲလို့လည်း သူက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာ အခွန်ကောက်တာတွေ ၊ ဂိတ်တွေ ဖွင့်ပြီး ဂိတ်ကြေးကောက်တဲ့ ကိစ္စတွေမှာ တဖက်နဲ့ တဖက် ငြိနေတာတွေ တော်တော်များများ တွေ့နေရတယ်လို့ ဖြေရှင်းဖို့ လိုတဲ့ ကိစ္စတွေကို ကိုအောင်သူငြိမ်းက ထောက်ပြသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ