မသန်စွမ်း အနုပညာ ပွဲတော် ပြီးဆုံး

  • 19 အောက်တိုဘာ 2013
Image caption ပညာပေးမှုတွေ မကြာခဏ လုပ်ခြင်းအားဖြင့် မသန်စွမ်းသူတွေ အပေါ် ထားတဲ့ သဘောထား အမြင်တွေ ပြောင်းလဲလာနိုင်

ရန်ကုန်မြို့ MCC ခန်းမမှာ အောက်တိုဘာလ ၁၇ရက်နေ့ကနေ အောက်တိုဘာလ ၁၉ရက်နေ့ အထိ ကျင်းပခဲ့တဲ့ မသန်စွမ်းသူများရဲ့ အနုပညာ ပွဲတော် ပြီးဆုံး သွားပြီ ဖြစ်ပါတယ်။

ဒီ အနုပညာ ပွဲတော်ဟာ မြန်မာနိုင်ငံမှာ ကျင်းပတဲ့ မသန်စွမ်းသူများရဲ့ ပထမဆုံး အနုပညာ ပွဲတော် ဖြစ်ပြီး လူမှု ဝန်ထမ်း ဦးစီးဌာန၊ ဂျပန်အခြေစိုက် နိပွန် ဖေါင်ဒေးရှင်းနဲ့ မသန်စွမ်းသူတွေ၊ အနုပညာရှင်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့ ပွဲတော် ဖြစ်ပါတယ်။

ဒီ အနုပညာ ပွဲတော်ဟာ မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်နိုင်အားကို ထုတ်ပြဖို့ ရည်ရွယ် လုပ်တာလို့ သိရပါတယ်။

ဒီပွဲတော်ကို အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ ပြည်ထောင်စု ဝန်ကြီးတို့ တက်ရောက်ခဲ့ကြပြီး အနဂ္ဃ ရောင်စဉ် တေးဂီတ အဖွဲ့က ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

ဒီပွဲတော်မှာ မသန်စွမ်းသူတွေရဲ့ အစွမ်းအစတွေကို ဖေါ်ထုတ် တွေ့ရှိရတဲ့အတွက် မသန်စွမ်းသူတွေ ကိုယ်တိုင်တောင် အံ့သြခဲ့ရတယ်လို့ ရွှေမင်းသား ဖောင်ဒေးရှင်း မြန်မာရဲ့ ဥက္ကဌ မသန်စွမ်းသူများ ရေးရာ ကော်မီတီဝင် တဦး ဖြစ်တဲ့ ကိုမြတ်သူဝင်း က ဘီဘီစီကို ပြောပါတယ်။

ဒီအနုပညာ ပွဲတော်မှာ မသန်စွမ်းသူတွေ ကိုယ်တိုင်က သူတို့ တတ်စွမ်းတဲ့ အနုပညာနဲ့ လူတွေကို ပညာပေးနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

အခုအခါ မသန်စွမ်းသူတွေ အပေါ် လူတွေရဲ့ သဘောထား အမြင်တွေ ပြောင်းလဲလာ နေပြီး ပိုလက်ခံလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ