ဗုံးကြောင့် ခရီးသွားလုပ်ငန်းထိခိုက်မှာ စိုးရိမ်

  • 21 အောက်တိုဘာ 2013
Burma Tourism
Image caption ရန်ကုန်မြို့က ဟိုတယ်တစ်ခု

ရန်ကုန်မြို့နဲ့ တခြားမြို့တချို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံး ပေါက်ကွဲမှု တွေကြောင့် မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိကြသလို ခရီးသွား လုပ်ငန်းရှင်တွေ အနေနဲ့လည်း လုပ်ငန်းတွေ ထိခိုက်လာမှာကို စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို လာဖို့ ပြင်ဆင် ထားကြတဲ့ နိုင်ငံခြား ခရီးသွားတွေဟာ သူတို့ မလာခင် လုံခြုံရေး အခြေအနေကို မေးမြန်းကြတာ ကြုံရကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။

နိုင်ငံခြား အစိုးရတချို့ကလည်း လတ်တလော ကာလအတွင်း မြန်မာနိုင်ငံကို သွားမယ်ဆိုရင် လုံခြုံရေး အထူး သတိထားကြဖို့ ထုတ်ပြန် ထားကြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း အခု ဗုံးဖောက်ခွဲသူတွေဟာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေလို့တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုလို ခရီးသွား လုပ်ငန်းကို ထိခိုက်မှာ စိုးရိမ်မှုတွေ ရှိနေပေမယ့် ခရီးသွား လုပ်ငန်းရှင်တွေ ဘက်ကရော၊ အာဏာပိုင်တွေ ဘက်ကပါ ခရီးသွား လုပ်ငန်းအတွင်း လုံခြုံရေးကို အထူးစီမံ ဆောင်ရွက်နေတယ်လို့ ဦးတင်ထွန်းအောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီး ပြီးခဲ့တဲ့ ၂ နှစ်လောက်အတွင်း နိုင်ငံခြား ခရီးသွား လုပ်ငန်းတွေ၊ လေကြောင်း လိုင်းသစ်တွေ ၀င်လာခဲ့သလို ခရီးသွား လုပ်ငန်းမှာလည်း တိုးတက်မှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ