ဒေါ်အောင်ဆန်းစုကြည် အီးယူဝန်ကြီးတွေနဲ့တွေ့

  • 22 အောက်တိုဘာ 2013
DASSK EU
Image caption ဥရောပကောင်စီဥက္ကဌနဲ့ တနင်္ဂနွေက တွေ့ဆုံခဲ့

ငါးနိုင်ငံ ဥရောပမှာခရီးစဉ်အဖြစ် သွားနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့က လူဇင်ဘတ်မှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အလုပ်သဘော နေ့လည်စာ စားရင်း တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အီးယူ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကော်မရှင်နာမင်းကြီးရဲ့ ပြောခွင့်ရသူ မာယာ ကိုဆီယန်ချစ်ကို မေးကြည့်ထားပါတယ်။

မေး။ အီးယူ ဝန်ကြီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိက ဘာတွေ ဆွေးနွေးခဲ့ကြပါလဲ။

ဖြေ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဥရောပသမဂ္ဂအနေနဲ့ ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အကြောင်း တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးခဲ့တယ်။ GSP ကုန်သွယ်ရေး အထူး အခွင့်အရေး ပေးခဲ့တယ်။ ဖွံ့ဖြိုးရေး အကူညီကို နှစ်ဆတိုး ပေးခဲ့တယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အများဆုံးကူညီနေပါတယ်။ ဒါပေမယ့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အတွက် ဆက်လုပ်စရာ အများကြီး ရှိနေတာကိုလည်း ကျွန်မတို့ သဘောပေါက်ပါတယ်။ အထူးသဖြင့် ၂၀၁၅ ခုရွေးကောက်ပွဲမတိုင်ခင်ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဖို့လိုအပ်နေ ပါတယ်။ ဒီအတွက် ဥရောပသမဂ္ဂအနေနဲ့ ဘယ်လို အထိရောက်ဆုံး ကူညီနိုင်မလဲဆိုတာကို ဥရောပဝန်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြပါတယ်။

မေး။ ပြုပြင်ပြောင်းလဲရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရမယ်ဆိုတာကို ပြောနေကြတဲ့ တချိန်ထဲမှာပဲ မြန်မာပြည် တွင်းမှာ ဗုံးခွဲ တိုက်ခိုက်မှုတွေဖြစ်ခဲ့တာမျိုး၊ လူမျိုးရေး ဘာသာရေး နွယ်တဲ့ အဓိကရုဏ်း တွေလည်း ဖြစ်ခဲ့ပါတယ်။ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ကလည်း အဖုအထစ်တွေ ရှိနေသေးတော့ အီးယူအနေနဲ့ လက်ရှိ အခြေအနေကို ဘယ်လို သုံးသပ်ပါလဲ။

ဖြေ။ မြန်မာနိုင်ငံ ရှေ့ဆက်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ကျွန်မတို့ လျှော့မတွက်ပါဘူး။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ထဲမှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တဲ့ အတွေ့အကြုံတွေရှိခဲ့ပါတယ်။ ဥရောပဝန်ကြီးတွေကမြန်မာပြည်ရဲ့ပြုပြင် ပြောင်းလဲရေးကိုဘယ်လိုအကောင်းဆုံးကူညီမလဲဆွေးနွေးကြတဲ့အခါ၊ အခြေခံဥပဒေကိုပြင်ဖို့လိုတယ်၊ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီးပွင့်လင်းမြင်သာရမယ်ဆိုတာတွေကိုပြောခဲ့ပါတယ်။ ဒါ့အပြင် Task Force Meeting လို့ခေါ်တဲ့ လုပ်ငန်းဆွေးနွေးပွဲတွေကိုလည်း ရန်ကုန်နဲ့နေပြည်တော်မှာ ကျင်းပပြီးအစိုးရ၊ လွှတ်တော်နဲ့ အရပ်ဖက် အဖွဲ့အစည်း တွေကြားမှာ အပြောင်းအလဲကို ဘယ်လို ထိထိရောက်ရောက် လုပ်ကြမလဲဆိုတာကို ဆွေးနွေးနိုင်ဖို့ ဆောင်ရွက်နေ ပါတယ်။

မေး။ မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်တုန်းက ဥရောပသမဂ္ဂဟာ မြန်မာပြည်ရဲ့လူ့အခွင့်အရေးနဲ့ ပတ်သက်လို့အများ ကြီးဝေဖန်ခဲ့ပါတယ်။ အခုအချိန်မှာလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ပြဿနာတွေ ရှိနေပေမယ့် ဥရောပသမဂ္ဂအ အနေနဲ့က ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးဖက်ကိုပဲ ပိုပြီး အာရုံစိုက်နေတာ တွေ့ရပါတယ်။ ခုချိန်မှာ လူ့အခွင့်အရေးဟာ နောက်တန်းကို ရောက်သွားပြီလား။

ဖြေ။ လုံး၀မဟုတ်ပါဘူး။ လူ့အခွင့်အရေးဟာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အဓိကနေရာမှာ အမြဲရှိနေပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ပြသနာတွေကို မြန်မာ အစိုးရကို ဆက်ပြီးပြောနေဦးမှာ ဖြစ်ပါတယ်။

မေး။ ဒီတော့မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အီးယူရဲ့ ရှေ့ဆက်သွားမယ့် မဟာဗျူဟာမြောက် မူဝါဒက ဘယ်လို ရှိပါလဲ။

ဖြေ။ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့မူဝါဒကို ၂၀၁၅ ရွေးကောက်ပွဲကာလအထိအကျုံး၀င်အောင်ရေးဆွဲ ချမှတ်ထားတာရှိပါတယ်။ အဓိကကတော့မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို ထိထိရောက်ရောက် ဖြစ်အောင်အားပေးဖို့နဲ့ အဲဒီလိုဖြစ်လာအောင် ထိတွေ့ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ