အစိုးရရဲ့ အပစ်ရပ်ရေး ကတိတွေ KIO မယုံနိုင်သေး

  • 22 အောက်တိုဘာ 2013
KIO and MPC Meeting in Myitkyina
Image caption အခုလဆန်း ပိုင်း ပြုလုပ်တဲ့ အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးပွဲ ပုံရိပ်

KIO ကချင် လွတ်လပ်ရေး အဖွဲ့က စီစဉ်တဲ့ Ethnic Armed Groups Conference လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်း အားလုံး ပါဝင်တဲ့ ညီလာခံကို လာမယ့် အောက်တိုဘာလ ၃၀ ကနေ နိုဝင်ဘာလ ၁ ရက်နေ့ အထိ လိုင်ဇာမှာ ကျင်းပ တော့မှာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး အပေါ်မှာ တိုင်းရင်းသားတွေ ဘက်က ဘယ်လို ဘုံသဘော တူညီချက်မျိုးနဲ့ ချဉ်းကပ် မလဲ ဆိုတာ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ကေအိုင်အို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့ Technical Team ပြောရေး ဆိုခွင့် ရှိသူ ဦးဒေါင်းခါးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဆွေးနွေးပွဲတုန်းက အဲဒီလို ဆွေးနွေးပွဲမျိုး လုပ်ချင်ကြောင်း ကေအိုင်အို ဘက်က ပြောတာကို ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က သဘောတူ ခဲ့လို့ လုပ်ဖြစ်တာ လို့လည်း ဆိုပါတယ်။

ကေအိုင်အို ဘက်ကတော့ အစိုးရ ပြောနေတဲ့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် အခတ် ရပ်စဲရေး ဆိုတဲ့ အပေါ် အသေးစိတ် သိလိုတဲ့ သဘော ရှိတယ်၊ ဒါပြီးရင် ရှေ့ဆက် ဘာလုပ်မယ် ဆိုတာ သိဖို့ လိုတယ်လို့ ပြောပါတယ်။

အတိတ်က အတွေ့ အကြုံတွေ အရရော လက်ရှိ တခြား အဖွဲ့ တွေနဲ့ အပစ်ရပ် ရေး လုပ်ထားတဲ့ ကြားက ဖြစ်ပေါ်လာတဲ့ စစ်ရေး ပဋိ ပက္ခတွေ အရရော လက်ရှိ အပစ်ရပ်ရေး ဟာ ပိုမို ခိုင်မာတဲ့ အနေ အထားကို ရောက်ဖို့ လိုတယ် ဆိုတာ အစိုးရနဲ့ လက်နက်ကိုင် နှစ်ဘက်စလုံးက သဘော ပေါက်တယ်လို့လည်း ဦးဒေါင်းခါးက ပြောပါတယ်။

နိုင်ငံတဝန်း အပစ်ရပ်ရေး သဘောတူညီမှု ပြီးရင် နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်မယ်လို့ အစိုးရ ဘက်က ပြောနေပေမယ့် အဲဒီပြောဆိုမှုက ဘယ်လို ခိုင်မာမှု ရှိသလဲ ဆိုတာ တည်ဆောက်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

လက်ရှိ အရပ်သား အစိုးရ လက်ထက်ရောက်မှ ကေအိုင်အို အနေနဲ့ အပြင်းထန်ဆုံး စစ်ကို အလူး အလဲ ဆင်နွှဲ နေရတာ ဖြစ်လို့ လက်ရှိ အနေ အထားမှာ အစိုးရရဲ့ အပစ်ရပ်ရေး ပြောဆိုမှု အပေါ် အယုံအကြည် မရှိသေးဘူးလို့ ပြောနိုင် ကြောင်းလည်း ဦးဒေါင်းခါးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ