ရခိုင် တရားသူကြီး နုတ်ထွက်

legal
Image caption တရားသူကြီး သဘော ဆန္ဒနဲ့ နုတ်ထွက်ခွင့် ပြု

ရခိုင် တရား လွှတ်တော် တရားသူကြီး ဒေါ်စီစီ နုတ်ထွက်ခွင့် တင်လာတဲ့ အတွက် နိုင်ငံတော် သမ္မတက ထွက်ခွင့် ပြုလိုက်ပါတယ်။

ဒေါ်စီစီရဲ့ သဘော ဆန္ဒနဲ့ အညီ နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ မြန်မာ အစိုးရပိုင် သတင်းစာ တွေမှာ ဖော်ပြပါတယ်။

ဒေါ်စီစီ မနုတ်ထွက်မီ ရခိုင်ပြည်နယ် လွှတ်တော်မှာ ကိုယ်စားလှယ် အချို့ရဲ့ အယုံအကြည် မရှိ အဆို တင်သွင်း ခံခဲ့ရတယ် လို့လည်း သိရပါတယ်။

စစ်တွေ မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် ကတော့ လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက အယုံအကြည် မရှိ အဆို တင်သွင်းခဲ့တယ်လို့ ပြောပါတယ်။ ၂ဝ၁ဝ က မြောက်ဦးမှာ ဖြစ်ပွားခဲ့တဲ့ ငွေကျပ် သိန်းပေါင်း ၄၃ဝဝ လိမ်လည်တဲ့ အမှုကို မြို့နယ်နဲ့ ခရိုင် တရားရုံးတွေက အမှုကို လက်ခံပေမယ့် ဒေါ်စီစီက အမှု မမြောက်ဘူး ဆိုပြီး သြဇာအာဏာ သုံးကာ လက်မခံ ပယ်ချခဲ့တဲ့ အတွက် သံသယ ဖြစ်ရာကနေ လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက လွှတ်တော်မှာ တရားသူကြီးကို အယုံအကြည် မရှိ အဆိုကို တင်သွင်းခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းမှာ လွှတ်တော်က ၅ ဦး ကော်မီတီ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ပါတယ်။ စစ်ဆေး တွေ့ရှိချက်ကို တရားသူကြီး အနေနဲ့ လွှတ်တော်မှာ ဖြေရှင်းချက် ပေးလို့ ရပေမယ့် ဖြေရှင်းချက် မပေးဘဲ နုတ်ထွက် သွားခဲ့တယ်လို့ သူက ဆိုပါတယ်။

ခုလို လွှတ်တော် ကိုယ်စားလှယ် အချို့ရဲ့ အယုံအကြည်မရှိ အဆို ကြောင့်သာ ပြည်နယ် အဆင့် တရားသူကြီး နုတ်ထွက် သွားတယ် ဆိုရင်တော့ ဒီနုတ်ထွက်မှု ဟာ လက်ရှိ အစိုးရ လက်ထက်မှာ ပထမဆုံး လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ