စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ လွှတ်တော် ကြေညာချက်ထုတ်

  • 24 အောက်တိုဘာ 2013
Image caption နေပြည်တော်က ပြည်သူ့လွှတ်တော် အဆောက်အဦ

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ထိခိုက်စေမယ့် အပြောအဆို အပြုအမူတွေ မပြုလုပ်ကြဖို့နဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် စေတနာ မေတ္တာ ထားရှိ ဆောင်ရွက်ကြဖို့ အလေးအနက်ထား ပန်ကြား မေတ္တာ ရပ်ခံပါကြောင်း ဒီကနေ့ နေ့စွဲနဲ့ ပြည်ထောင်စု လွှတ်တော်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဝိုင်းဝန်း ဖော်ဆောင်ရာမှာ ငြိမ်းချမ်းရေး ပျက်ပြားစေမယ့် အပြုအမူ အပြောအဆိုတွေ မလုပ်ကြဖို့ ပြည်သူ့ လွှတ်တော်က တိုက်တွန်း မေတ္တာ ရပ်ခံလိုက်ပါတယ်။

တိုင်းပြည်မှာ လွှတ်တော်ကလည်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ ပါဝင်နေတယ် ဆိုတာကို လူထုကို အသိပေးတဲ့ သဘော ဖြစ်တယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့ သူတွေကိုလည်း သတိပေးရာ ရောက်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ် လွှတ်တော်အမတ် တစ်ယောက်လည်း ဖြစ်တဲ့ ဦးဆောင်ဆီက ဘီဘီစီကို ပြောပါတယ်။

လွှတ်တော် အနေနဲ့ တခါမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကြေညာချက် အရင်က မထုတ်ခဲ့ဖူးသေးဘဲ အခု ထုတ်ပြန်ချက်ဟာ လူထုကို အသိပေးရမယ့် ကိစ္စကို ပထမဆုံး အသိပေးလိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စမှာ လွှတ်တော်က Commitment ပေးလိုက်သလို ဖြစ်သွားပြီး သူ့အနေနဲ့ တာဝန်ယူ လုပ်ဆောင်ရတော့မှာ ဖြစ်တယ်၊ လုပ်ဆောင်ရမယ့် ကိစ္စတွေကို တစုတစည်းထဲ ဖော်ပြခဲ့တာ ဖြစ်ပြီး ပျက်ပြားအောင် မလုပ်ကြဖို့ ပန်ကြားတာဟာလည်း ကြေညာချက်မှာ ပါသင့်ပါထိုက်လို့ ထည့်သွင်းသွားခဲ့တာ ဖြစ်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ပြည်သူ့ လွှတ်တော် အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေ ဖြစ်တဲ့ အခြေခံ ဥပဒေ သုံးသပ်တဲ့ အဖွဲ့တခုကို ဖွဲ့စည်းပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်နေတယ်လို့ လွှတ်တော် အမတ်က ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖျက်လိုဖျက်ဆီး လုပ်တယ် ဆိုရင် ပြည်သူ့လွှတ်တော် အနေနဲ့ ဘယ်လို အရေးယူ နိုင်မှာလဲ ဘီဘီစီက မေးကြည့်တဲ့ အခါ ဒါကတော့ အစိုးရဘက်က လုပ်ရမှာ ဖြစ်ပြီး လွှတ်တော် အနေနဲ့ တိုက်တွန်းတာဘဲ လုပ်နိုင်တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လွှတ်တော်က ပါဝင် ပတ်သက်နေပါတယ် ဆိုတာကိုပဲ ဖော်ပြခဲ့ပြီး အခုတော့ လူထုကို အသိပေးတဲ့ သဘောလည်း ဖြစ်တယ်လို့ ဦးဆောင်ဆီက ပြောပါတယ်။