ကင်တားနား ကုလမှာ မြန်မာ့အရေး ပြောကြား

  • 25 အောက်တိုဘာ 2013
Image caption ကင်တားနား မြန်မာနိုင်ငံကို နောက်ဆုံးတစ်ခေါက် ရောက်ရှိစဉ်။

မြန်မာနိုင်ငံက ဘာသာရေး လူမျိုးရေး ဆန်တဲ့ ပဋိပက္ခတွေကြောင့် မြန်မာ့ ဒီမိုကရေစီရေးနဲ့ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု လုပ်ငန်း စဉ်တွေ အတွက် ဆိုးဝါးလှတဲ့ ခြိမ်းခြောက်မှု တွေ ဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက ပြောကြား လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ တတိယ ကော်မတီ တစ်ခု အစည်းအဝေးမှာ မစ္စတာ ကင်တားနားက အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း အနည်းဆုံး ၁၉၂ ဦး သေဆုံး ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

လူမျိုးရေး ခွဲခြားမှု အမြင်တွေ ပြေလည်ဖို့နဲ့ လူနည်းစုတွေအပေါ် အကာ အကွယ် ပေးဖို့ အရေးကိစ္စတွေကို အစိုးရအနေနဲ့ အခုထက် ပိုမို ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောကြားသွားပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဌ ကိုအောင်မိုးဇော်ကတော့ မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားသလို လောလောဆယ်မှာ ဘာသာရေး လူမျိုးရေး ဆန်တဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွေမှာ ကြီးမားတဲ့ အန္တရာယ်မျိုး မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။

ဒါပေမယ့်လည်း သာမန် အငြင်းပွားမှုမျိုးကနေ လူမျိုးရေး ဘာသာရေး အကြမ်းဖက် ပဋိပက္ခတွေ မကြာခဏ ဖြစ်လာရင်တော့ ဒီလို အန္တရာယ်မျိုး ကြုံတွေ့လာနိုင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းခဲ့တဲ့ မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတာမျိုး တွေ့ရပေမယ့် ဆန္ဒ ထုတ်ဖေါ်မှုတွေကြောင့် ဖမ်းဆီးခံရမှုတွေ ရှိနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ