ဓာတ်အားစီမံကိန်း ရခိုင်ပြောင်းဖို့ မွန်အမတ် ကန့်ကွက်

  • 25 အောက်တိုဘာ 2013
Image caption သမ္မတအနေနဲ့ ပြန်လည် စဉ်းစားဖို့၊ ပြည်ထောင် စု လွှတ်တော် နာယက သူရ ဦးရွှေမန်း က ဆုံးဖြတ်ခဲ့

မွန်ပြည်နယ် မော်လမြိုင် မြို့မှာ၊ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဆောက်လုပ်မယ့် စီမံကိန်းကို မလုပ်တော့ဘဲ၊ အဲဒီ စက်ရုံကို ရခိုင် ပြည်နယ် ကျောက်ဖြူ မှာ ဆောက်ဖို့ သမ္မတ ဦးသိန်းစိန်က ပြည်ထာင်စု လွှတ်တော်ကို သဝဏ်လွှာ ပေးပို့ခဲ့ရာ၊ မွန် ပြည်နယ် လွှတ်တော် အမတ် တဦးက ကန့်ကွက် လိုက် ပါတယ်။

တရုတ် နိုင်ငံက ချေးထားတဲ့ ငွေနဲ့ တည်ဆောက်မယ့် အမေရိကန် ဒေါ်လာ ၅၇ သန်းကျော်တန် ဒီဓာတ်အားပေး စက်ရုံကို မော်လမြိုင်မှာ ဆောက် ဖို့ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပါတယ်။

အခုလို လွှတ်တော်က အတည်ပြု ထားတဲ့ မီဂါဝပ် ၅၀ လောက် ထွက်မယ့် ဒီစီမံကိန်းကို ကျောက်ဖြူ မြို့ကို ပြောင်းမယ်လို့ ဆိုလာတဲ့ အတွက် မွန်ပြည် နယ် အတွက် နစ်နာမှု ရှိတယ် ဆိုပြီး မွန်လွှတ်တော် အမတ် ဒေါက်တာ ဗညားအောင် က ကန့်ကွက် ခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ် ဝန်ကြီးက ရှင်းလင်း ရာမှာ၊ မော်လမြိုင်ကို သထုံ ကနေ ဓာတ်အား ပေးဖို့ စီမံကိန်း ဆွဲထားပြီ ဖြစ်လို့၊ ရခိုင်မှာ ကလည်း လျှပ်စစ် ဓာတ်အား လိုအပ် နေလို့ ဒီစီမံကိန်းကို ရခိုင်ကို ရွှေ့ချင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီငွေတွေကို မွန်ပြည်နယ် အတွက်ပဲ အသုံးပြု စေချင်ကြောင်း ဒေါက်တာ ဗညားအောင်က ထပ်မံ ကန့်ကွက် ခဲ့တယ်လို့ ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ရှင်းပြပါတယ်။

အခုလို ကန့်ကွက် မှုတွေ ရှိတဲ့ အတွက် သမ္မတ အနေနဲ့ ပြန်လည် စဉ်းစားဖို့၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဆုံးဖြတ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ