KIOနဲ့ အစိုးရကြား သဘောတူချက် စစ်တပ် ဖေါက်ဖျက်

  • 26 အောက်တိုဘာ 2013
Image caption KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ မြစ်ကြီးနားမြို့မှာ သဘောတူလက်မှတ် ရေးထိုးခဲ့

ကချင်ဒေသမှာ လတ်တလော ဖြစ်ပွားနေတဲ့ မန်စီ မြို့နယ် တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

KIO ကချင် လွတ်မြောက်ရေး အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ အကြား အခု အောက်တိုဘာ လဆန်းပိုင်းလောက်က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သဘောတူ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့အပြီးမှာ အခုလို နှစ်ဘက်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နေရာတွေဟာ KIO တပ်ရင်း ၁၂ တည်ရှိရာ နေရာတွေ ဖြစ်ပြီး အဲဒီ နေရာတွေကို သိမ်းဖို့ ကြိုးစားတဲ့ အနေနဲ့ အစိုးရ စစ်တပ်က ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် KIOနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ အကြား သဘောတူထားခဲ့တဲ့ အချက်၇ချက်ထဲက အချက်၃ချက်ကို အစိုးရ စစ်တပ်ဘက်က လိုက်နာ ဆောင်ရွက်မှု မရှိဘူးလို့လည်း ထောက်ပြထားပါတယ်။

စစ်တပ် လမ်းကြောင်းတွေ ဖွင့်ပေးရေး၊ ကိုယ့်တပ်ဖွဲ့ကို ကိုယ်နိုင်အောင် ထိန်းထားရေးနဲ့ IDP ရွှေ့ပြောင်း ဒုက္ခသည် စခန်း ၃ခု ဖွင့်လှစ်ရေး စတဲ့ အချက်တွေကို အစိုးရဘက်က ဖေါက်ဖျက်နေတယ်လို့ ဆိုပါတယ်။

စစ်တပ် လမ်းကြောင်း ဖွင့်ပေးရေး သဘောတူချက်အရ KIA က လမ်းကြောင်း ဖွင့်ပေးခဲ့တာကို အစိုးရစစ်တပ်က အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး KIO တပ်ရင်း ၁၂နားက ရွာနှစ်ရွာနားကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေ နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကချင် ငြိမ်းချမ်းရေး ကွန်ရက်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

အစိုးရ စစ်တပ်ဘက်ကတော့ မန်စီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အဲဒီဒေသက သစ်ခိုးထုတ်တဲ့ အဖွဲ့တွေကို ရှာဖွေ ရှင်းလင်း နှိမ်နင်းရာကနေ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ဖြစ်ပြီး နယ်မြေ ကျွမ်းကျင်မှု ရှိအောင်နဲ့ ဒေသခံ ပြည်သူတွေနဲ့ ထိတွေ့နိုင်အောင် အဲဒီနားက ဒုက္ခသည် ရွာတွေကို စစ်တပ်က ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။