မြန်မာ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေတာကို အမြန် ဖြေရှင်းဖို့ လိုတယ်လို့ ဒေါ်စုပြော

  • 27 အောက်တိုဘာ 2013
Image caption အောက်စဖို့ တက္ကသိုလ် အာဏာပိုင်တွေနဲ့ ဒေါ်စု ဆွေးနွေး

မနေ့ နေ့လယ်က လန်ဒန်မြို့ ဗြိတိသျှ ကောင်စီ ရုံးမှာ လန်ဒန်ရောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အောက်စဖို့ဒ် တက္ကသိုလ်က ပညာရေး အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ရန်ကုန် တက္ကသိုလ် မွမ်းမံအသက်သွင်းရေး ဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကူအညီ တောင်းခံမှုကြောင့် အောက်စဖို့ဒ် က ဆရာနဲ့ ကျောင်းသူ ကျောင်းသားတွေ ရန်ကုန် တက္ကသိုလ်ကို ရောက်လာပြီး ပညာရေး ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ်မှာ မြန်မာ ရေးရာ လေ့လာရေး ဌာနတခု သီးခြား ဖွင့်လှစ် နိုင်ခဲ့သလို မြန်မာ ကျောင်းသား တွေကို ပညာသင်ဆု ပေးဖို့တွေ စပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အခု တနှစ်ကျော် ကြာလို့ သူ ဗြိတိန် ပြန်ရောက်လာတဲ့ အခါမှာလည်း အောက်စဖိုဒ့်က ရန်ကုန်ကို ဆက်ပြီး အစွမ်းရှိသမျှ ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို ခဲ့ပါတယ်။

တက္ကသိုလ် ပညာရေး ဖွံ့ဖြိုးဖို့ ဆိုတာ ပညာရပ်သာသာမက တိုင်းပြည် အတွက် စျေးကွက်ရရှိဖို့၊ အနာဂတ် အတွက် အာမခံချက် ရှိဖို့တွေ အတွက်ပါ အကျုံးဝင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာ နိုင်ငံထွက် သစ်ခွပန်းတွေဟာ ကမ္ဘာ့စျေးကွက်မှာ ထိုင်းသစ်ခွလို လူသိမများ ဖြစ်နေပုံကို ရှင်းပြပြီး သုတေသန အရေးကြီးပုံကို ဒေါ်အောင်ဆန်းစုကြည်က အရေးပေး ပြောကြားသွားပါတယ်။

နောက်တချက် ဒေါ်အောင်ဆန်းစုကြည် ထောက်ပြတာကတော့ သက်မွေးပညာသင်ကျောင်းတွေကို အားပေးဖို့ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ လူငယ်တွေ အလုပ်လက်မဲ့ဖြစ်နေတာကို အမြန်ဖြေရှင်းဖို့ လိုကြောင်း၊ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေ အတွင်း စိတ်ပျက် ဒေါသထွက်နေကြတဲ့ လူငယ်တွေ ပါဝင်တာတွေ ရှိနေကြောင်း၊ သူတို့အတွက် အမြန်ဆုံး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို့ သက်မွေးဝမ်းကြောင်း ပညာသင်တန်းတွေ ဖွင့်ပေးဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ် ပြုပြင်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တဲ့ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ ဒုတိယ ကိုယ်စား အဓိပတိ Professor Nick Rawlins ကတော့ မြန်မာနိုင်ငံ ပြုပြင်ရေးမှာ အရေးကြီးတဲ့ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး၊ အပူပိုင်းဒေသ ဆေးပညာနဲ့ ဥပဒေ စတဲ့ ပညာရပ် မြှင့်တင်ရေးတွေမှာ ရန်ကုန်နဲ့ အောက်စဖိုဒ့် တက္ကသိုလ်တို့ ပူးတွဲ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန် တက္ကသိုလ် သတ္တဗေဒဌာနမှာ ကမ္ဘာ့အဆင့်မီ သားရိုင်းထိန်းသိမ်းရေး ပညာရပ်တွေ ဖွံ့ဖြိုးလာအောင် ကူညီဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာ ကျောင်းသားတွေကို သားရိုင်းထိန်းသိမ်းရေး အတွက် အောက်စဖို့ဒ်ခေါ်ပြီး သင်ကြား ပေးနေသလို သားရိုင်း စောင့်ရှောက်ရေး သင်တန်းကျောင်းကို နောက်တနှစ်လောက်အတွင်း မြန်မာနိုင်ငံမှာ ဖွင့်လှစ်လိုကြောင်း Nick Rawlins က ပြောကြား ခဲ့ပါတယ်။

မြန်မာကျောင်းသားတွေ အတွက်ပေးတဲ့ ပညာသင်ဆုနဲ့ပတ်သက်ပြီးလည်း လောလောဆယ်မှာ မြန်မာ အတွက် သီးသန့်ပေးတဲ့ ပညာသင်ဆု တခုသာ ရှိသေးပြီး အချိန်တန်ရင် ထပ်မံပေးလာနိုင်ကြောင်း၊ လေဒီဂိုးဘုသ် ပညာသင်ဆုကို စိန်ဟုချ် ကောလိပ်ရောက် မြန်မာ ဘွဲ့လွန်ကျောင်းသားတွေ အတွက် ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာလည်း အရှေ့တောင် အာရှမှာ ဆေးမတိုးတဲ့ ငှက်ဖျား တိုက်ဖျက်ရေး အတွက် တပ်မတော် ဆေးဘက်က ပညာရှင်တယောက်ကို ပါရဂူဘွဲ့ယူဖို့ အောက်စဖို့ဒ်က ကြီးကြပ်ပေးနေပါတယ်။

လာမယ့် မတ်လမှာ ရန်ကုန် တက္ကသိုလ်က ပညာရပ် ဌာနမှူး တွေနဲ့ ဝါရင့် ပညာရှင်တွေကို အောက်စဖို့ဒ်မှာ ခေါ်ပြီး မွမ်းမံပို့ချပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ