စစ်အရာရှိတွေကနေ အဝတ်အစားပဲ ပြောင်းသလား

  • 29 အောက်တိုဘာ 2013
DASSK and Italy FM, Getty
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး

အရင် စစ်အစိုးရလက်ထက်က အရာရှိကြီးတွေထဲက အများအပြားဟာ အဝတ်အစားပဲ ပြောင်းဝတ်ကြပြီး သူတို့ရဲ့ စိတ်သဘောထားကတော့ မပြောင်းသေးဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ နိုင်ငံခြားရေးဝန်ကြီး Emma Bonino နဲ့ တနင်္လာနေ့က ရောမမြို့မှာ တွေ့ဆုံအပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေမှာ စစ်ခေါင်းဆောင်တွေအနေနဲ့ ယူနီဖောင်းချွတ် အဝတ်အစားပြောင်းရုံ သဘောလောက်ပဲ တွေ့ရသလား၊ နောက်ပြီး စီးပွားရေး လုပ်ငန်းကြီးတွေမှာ ဦးဆောင် ပါဝင်လာနေကြ သလားဆိုတာကို သတင်းထောက်က မေးရာမှာ ဒေါ်အောင်ဆန်း စုကြည်က‘သူတို့ထဲက အများအပြားက အဝတ်အစားပဲ ပြောင်းသွားရုံပဲ ရှိပါတယ်။ အဝတ်အစား ပြောင်းဝတ်ရတာက စိတ်သဘောထား mindset ကို ပြောင်းဖို့ရာထက် ပိုလွယ်ပါတယ်။ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်လာအောင်လုပ်ဖို့အတွက် စိတ်သဘောထား ပြောင်းလာကြတဲ့ လူအရေအတွက် အစိုးရအတွင်းမှာ အလုံအလောက်ရှိမရှိ ဆိုတဲ့အချက်က စိုးရိမ်စရာ ဖြစ်ပါတယ်’လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပငါးနိုင်ငံခရီးစဉ် နောက်ဆုံးနိုင်ငံအဖြစ် အီတလီကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပြီး တနင်္လာနေ့မှာတော့ ရောမမြို့မှာ အီတလီ ဝန်ကြီးချုပ် Enrico Letta၊ သမ္မတ Giorgio Napolitano၊ နိုင်ငံခြားရေး ဝန်ကြီး မစ္စ Emma Bonino တို့နဲ့အပြင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ခရီးစဉ်တလျောက်လုံးမှာ ပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကြောင်းကို အီတလီမှာလည်း ထပ်မံ ပြောခဲ့ပါတယ်။

သူ့ကို ထင်ထင်ရှားရှား ဦးတည်ပြီး ကန့်သတ်ဖို့ ပြဌာန်းထားတဲ့ သမ္မတဖြစ်ခွင့် အရည်အချင်းဆိုင်ရာ အချက်အလက် တစ်ခုတည်းကြောင့် ဖွဲ့စည်းပုံကို ပြင်ချင်တာမဟုတ်ပဲ ဒီဖွဲ့စည်းပုံဟာ အခြေခံအားဖြင့် ဒီမိုကရေစီ နည်းမကျတဲ့အတွက် ပြင်ဆင်ဖို့ လိုနေကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံဥပဒေမပြင်ရင် စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးမှာ အထူးအခွင့်အရေး ရနေဦးမှာ ဖြစ်ကြောင်း၊ ဒီလိုဖြစ်လာတဲ့အခါ စစ်တပ်ဟာ နိုင်ငံရေးသာမက စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးတွေမှာလည်း အထူးအခွင့်အရေးတွေ ရနေမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အီတလီအစိုးရကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံကြောင်း၊ အီတလီအနေနဲ့ မြန်မာ့ဒီမိုကရေစီ တိုးတက်ရေးကို အားပေး ထောက်ခံသွားမှာ ဖြစ်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အမ်မာ ဘိုနီနိုက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့မှာတော့ တူရင် မြို့နဲ့ ဘိုလော့ဂနာမြို့တွေဆီ သွားရောက်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ပါးမားမြို့ကို သွားရောက်ပြီး သောကြာနေ့မှာတော့ အီတလီကနေ ရန်ကုန်ကို ပြန်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ