ညီလာခံအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေစရောက်

  • 28 အောက်တိုဘာ 2013
Image caption ညီလာခံ မတိုင်ခင် လိုင်ဇာမှာ ကင်းလှည့်နေတဲ့ ကေအိုင်အေ တပ်သားတွေ

ပြည်တွင်းပြည်ပ အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အများဆုံး စုစည်းကြမယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များရဲ့ ညီလာခံကို လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့ကစလို့ ၃ ရက်တာ ကေအိုင်အို ကချင်လွတ်လပ်ရေး အဖွဲ့ ဌာနချုပ်ရှိရာ တရုတ်မြန်မာနယ်စပ် လိုင်ဇာမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီညီလာခံကို စီစဉ်ကျင်းပတဲ့ ကေအိုင်အိုက ဒီညီလာခံကို တက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ကို ဖိတ်ကြားထားခဲ့တာပါ။

အခု အဲဒီ ၁၈ ဖွဲ့ထဲက လက်နက်ကိုင်တပ်ဖွဲ့တချို့ စတင်ရောက်ရှိနေကြသလို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် တွေ လည်း လိုင်ဇာကို ရောက်ရှိနေကြပါပြီ။

မနက်ဖြန်မှာတော့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက ဥက္ကဌ ဖဒိုမူတူးစေဖိုးနဲ့ အဖွဲ့ဝင်တွေ ရောက်လာမယ်လို့ သိရပါတယ်။

ဒီညီလာခံဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါပြီး ရှေ့ဆက်ရမယ့် ခရီးဖြောင့်ဖြူးမလား၊ ကြမ်းတမ်းမလားဆိုတာ ဒီညီလာခံက ထွက်လာမယ့် အဆုံးအဖြတ်ပေါ်မူတည် တယ်လို့ UNFC အတွင်းရေးမှူး ၂ ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောခဲ့ပါတယ်။

အခုလို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေချည်းသပ်သပ် ပြည်တွင်းမှာ စုစည်းမိတဲ့ ညီလာခံဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့လဲ သူက ပြောပါတယ်။

အစိုးရက နိုဝင်ဘာလအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲလုပ်ဖို့ ရည်ရွယ်ထားပြီး ဒီလို လက်မှတ်မထိုးခင်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း အခု လိုင်ဇာ ညီလာခံမှာ အချင်းချင်း ကြိုတင် ညှိနှိုင်းကြမယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ