လိုင်ဇာညီလာခံကို ကိုယ်စားလှယ်တွေ သွားရောက်

  • 28 အောက်တိုဘာ 2013
Kachin
Image caption ကချင်ပြည်နယ်တွင်း မကြာခင် ရက်ပိုင်းက စစ်ရေးတင်းမာမှုတွေ ဖြစ်ခဲ့

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ညီလာခံကြီးကို KIO ကချင်လွတ်လပ်ရေး အဖွဲ့က စီစဉ်ပြီး သူတို့ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပမှာမို့ တိုင်းရင်းသား အဖွဲ့တွေလည်း သွားရောက် နေကြပြီလို့ သိရပါတယ်။

ဒီညီလာခံကြီးကို အောက်တိုဘာ ၃၀ ရက်နေ့ကနေ စတင်ပြီး နိုဝင်ဘာ ၁ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က မြစ်ကြီးနားကို ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင် ၁၂ ဦးပါဝင်ပြီး သူတို့ဟာ မြစ်ကြီးနားကနေ လိုင်ဇာကို သွား မှာ ဖြစ်ပါတယ်။

မြစ်ကြီးနားဘက်ကနေ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ လာရောက်မယ်လို့ သိရကြောင်း PCG ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးဆဲန်းအောင်က ပြောပါတယ်။

တချို့အဖွဲ့တွေကလည်း တရုတ်မြန်မာ နယ်စပ်ကနေ လိုင်ဇာကို သွားရောက်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ညီလာခံကို ကျင်းပဖို့ KIO က အစိုးရနဲ့ မြစ်ကြီးနားမှာ နောက်ဆုံးတွေ့တုန်းက တောင်းဆိုခဲ့တာ ဖြစ်ပြီး အစိုးရဘက်ကလည်း သဘောတူခဲ့ပါတယ်။

အစိုးရက နိုဝင်ဘာလအတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲလုပ်ဖို့ ရည်ရွယ်ထားပြီး ဒီလို လက်မှတ်မထိုးခင်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း အခု လိုင်ဇာ ညီလာခံမှာ အချင်းချင်း ကြိုတင် ညှိနှိုင်းကြမယ်လို့ ယူဆရပါတယ်။

ဒီအတောအတွင်းမှာပဲ ကချင်ပြည်နယ်တွင်း အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကချင်တပ်တို့ကြား တင်းမာမှုတွေလည်း မကြာခင် ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဒီလို စစ်ရေးတင်းမာမှုတွေ ဖြစ်တာကို လောလောဆယ်မှာ နှစ်ဘက် ညှိနှိုင်းပြီး ဖြေရှင်းနိုင်ပေမယ့် ထပ်ခါ ထပ်ခါ ဖြစ်ရင်တော့ နှစ်ဘက် ယုံကြည်မှုကို ထိခိုက်နိုင်ကြောင်း PCG အဖွဲ့က ဦးဆဲန်အောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ