ကချင် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စောင့်နေဆဲ

  • 29 အောက်တိုဘာ 2013
Kachin
Image caption ဒုက္ခသည် တွေထဲမှာ အမျိုးသမီးနဲ့ ကလေး တွေ အများအပြားပါဝင်

တရုတ် မြန်မာ နယ်စပ်မှာ ဒုက္ခသည် စခန်း ၁၀ ခုရှိတဲ့အထဲက ဂျီရန်း ဒုက္ခသည် စခန်းမှာ ကချင် စစ်ပြေး ဒုက္ခသည် ၈၀၀၀ ကျော် ခိုလှုံနေကြ ပြီး လက်ရှိမှာ ငြိမ်းချမ်းရေး အတွက် အာမခံချက် မရှိသေးတာကြောင့် အိမ်မပြန် နိုင်သေးဘဲ ရှိပါတယ်။

စခန်းမှာရောက်နေတာ ၂ နှစ်ရှိနေပြီဖြစ်တဲ့ ဒုက္ခသည် ဦးဘရန်ခွန်းက "လောလောဆယ် အိမ်ပြန်နိုင်မယ့် အခြေအနေ သိပ်မမြင်သေးဘူး" လို့ ဆိုရင်း သူတို့ရွာကလူတွေ အများစုဟာ ဒီဒုက္ခသည် စခန်းမှာဘဲ ရှိနေ ကြတယ်လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်ဇွန်လ ကတည်းက ဖွင့်ထား တဲ့ ဒီစခန်းမှာ ဗန်းမော်ခရိုင် မိုးမောက်နဲ့ ဝိုင်းမော်မြို့နယ်တွေက ထွက်ပြေးလာသူ များတယ်လို့ စခန်းတာ၀န်ခံ ဦးဘရန်ရှောင်က ဘီဘီစီ ကိုပြောပါတယ်။

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လှူဒါန်းတဲ့ အဖွဲ့အစည်း တွေက ဆန်၊ ဆီနဲ့ ငွေကြေး အနည်းငယ်ကိုထောက်ပံ့ ပေးနေတာ ရှိတယ်လို့သူက ပြောပြပါတယ်။

သွပ်မိုးပြီး အထပ်သားကာထားတဲ့ တန်းလျားတွေကို ယာယီအဆောက်အဦ အဖြစ်အသုံးပြုနေကြပြီး ဝါးတိုင်တွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ဒုက္ခသည် အများစုကတော့ နေရပ်ကို ပြန်ချင်နေကြပြီး သူတို့အိမ်ပြန် နိုင်ရေးဟာ အစိုးရနဲ့ ကေအိုင်အို အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေတယ် လို့ ဒုက္ခသည် တွေကပြောပါတယ်။