World Bank နဲ့ IFC အစီရင်ခံစာမှာ မြန်မာ ပါဝင်

  • 29 အောက်တိုဘာ 2013
Image caption နိုင်ငံပေါင်း ၁၈၉နိုင်ငံရဲ့ စီးပွားရေး စည်းမျဉ်း ဥပဒေတွေကို လေ့လာပြီး နှစ်စဉ် အစီရင်ခံစာထုတ်

World Bank ကမ္ဘာ့ဘဏ်နဲ့ IFC အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း ထုတ်ပြန်တဲ့ Doing Business အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို ပထမဆုံးအကြိမ် အဖြစ် ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ စီးပွားရေး လုပ်ငန်း ဆောင်ရွက်မှုတွေ အတွက် ကောင်းမွန်တဲ့ စည်းမျဉ်း ဥပဒေတွေ ပေါ် ပေါက်လာစေဖို့ ပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာ ဖြစ်ပြီး အခုအခါ ဒီပြောင်းလဲမှုတွေကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိတဲ့ လမ်း ကြောင်း ပေါ်မှာ ရောက်ရှိနေတယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

စီးပွားရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပိုမို ကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးမယ့် စီးပွားရေး လုပ်ငန်းတွေကို စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရင်းနှီး မြှုပ်နှံသူတွေက အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ Charles Shneider က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို ဒီအစီရင်ခံစာမှာ အခုလို လေ့လာ ဖော်ပြခဲ့တာဟာ မြန်မာနိုင်ငံ စီးပွားရေး ကဏ္ဍအတွက် ခြေလှမ်း တစ်ရပ်လို့ ဆိုနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အစီရင်ခံစာပါ တခြား တိုင်းပြည်တွေရဲ့ စည်းမျဉ်း ဥပဒေတွေကို လေ့လာ နမူနာ ယူနိုင်မှာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးလင်း က ဘီဘီစီကို ပြောပါတယ်။

ကမ္ဘာပေါ်မှာ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ငန်း ဆောင်ရွက်ဖို့ အကောင်းဆုံး နိုင်ငံဟာ စင်္ကာပူနိုင်ငံ ဖြစ်တယ်လို့လည်း ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။