ကာတွန်း အောင်ရှိန် ကွယ်လွန်

  • 30 အောက်တိုဘာ 2013
cartoon
Image caption ဒစ္စနီ ကာတွန်း တွေကို မှီငြမ်း ပြုပေမယ့် မြန်မာဟန် ပါ

မြန်မာနိုင်ငံက အထင်ကရ ကာတွန်း ဆရာကြီး ဦးအောင်ရှိန် ဟာ ဒီကနေ့ပဲ ရန်ကုန်မြို့မှာ ကွယ်လွန် သွားခဲ့ပါတယ်။

အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့တဲ့ ဆရာကြီး ကာတွန်း အောင်ရှိန် ဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေ ထဲမှာ အထင်ရှားဆုံးက စုံထောက်ကြီး ဦးရှံစားနဲ့ ဦးဒိန်းဒေါင် ဖြစ်ပြီး မှားတဲ့အခါလည်း မှားပေမပေါ့ ဆိုတဲ့ ဦးရှံစားရဲ့ ဆောင်ပုဒ်က မြန်မာပြည်မှာ နေ့စဉ်သုံး စကားတခွန်း ဖြစ်လာခဲ့ ပါတယ်။

ဦးစိတ်တိုနဲ့ မျောက်ညို၊ ခင်မောင် သိန်းထွန်းဝင်း၊ ကပ်စီး၊တီထွင် ပါရဂူ ဖိုးဆိတ်ဖြူ၊ ကြာဇံနဲ့ မျောက်နီတာ၊ ဦးလူပေါနဲ့ ဉာဏ်ကျယ်လေး စတဲ့ ထင်ရှားတဲ့ ကာတွန်း ဇာတ်လိုက်တွေကိုလည်း အောင်ရှိန် မွေးထုတ်ပေးခဲ့ပြီး အများစုက ဒစ္စနီ အမေရိကန် ကာတွန်း ရုပ်ရှင် တွေကို မှီငြမ်း ပြုတာ ဖြစ်ပေမယ့် အင်မတန် မြန်မာဟန် ပါတာကို တွေ့ရပါတယ်။

ဦးအောင်ရှိန်ဟာ ကာတွန်း ရေးသက် နှစ် ၇ဝ ကျော် ရှိပြီး သူ့လက်ရာတွေက သရုပ်ပါတဲ့ အပြင် ဇာတ်ကောင် စရိုက်ကို နိုင်နင်းတယ်၊ ဇာတ်လမ်းတွေက ဆန်းသစ်တယ်လို့ ကာတွန်း အော်ပီကျယ်က ဘီဘီစီကို ပြောပါတယ်။

ဦးအောင်ရှိန်ရဲ့ ရုပ်ကလာပ်ကို နိုဝင်ဘာလ ၁ ရက် သောကြာနေ့ ညနေမှာ ရေဝေး သုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။