ဒေါက်တာ တူးဂျာရဲ့ ပါတီကို မှတ်ပုံတင်ခွင့် ပြု

  • 31 အောက်တိုဘာ 2013
Image caption ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာ

ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာ ရဲ့ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ဒီနေ့ ပေးလိုက်ပြီ ဖြစ်ပါတယ် ။

ဒေါက်တာ တူးဂျာ ရဲ့ ပါတီကို ၂၀၁၀ ခု နှစ် တုန်းကလည်း ပါတီ ထောင်ခွင့် ငြင်းပယ်ခံခဲ့ရ ပြီးတော့ ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲမှာလည်း ပါဝင်ခွင့် ငြင်းပယ် ခံရ တာတွေ ရှိခဲ့ဖူးပါတယ်။

အရင်တုန်းက ပယ်ချခံရတာဟာ တပ်မတော် စစ်အစိုးရ လက်ထက်မှာ စံနစ်ဟောင်း အစိုးရဟောင်း လက်ထက်မှာ ဖြစ်ပြီး အကြောင်း ကြောင်းကြောင့် ပယ်ချခံရတာ ဖြစ်နိုင်တယ်လို့ ဒေါက်တာ တူးဂျာက ဘီဘီစီကို ပြောပါတယ်။

အခုတော့ အစိုးရသစ် စံနစ်သစ် လက်ထက်မှာ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပြီမို့ ဥပဒေနဲ့ အညီ ခွင့်ပြုပေးလိုက်တာလို့ ထင်ကြောင်း သူက ဆိုပါတယ်။

ဒေါက်တာ တူးဂျာ အနေနဲ့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တာကိုတောင် ပယ်ချခံရတယ် ဆိုတော့ ဒါဟာ ပစ်မှတ်ထား ငြင်းပယ် ခံရမှုလားလို့ ဘီဘီစီက မေးတဲ့အ ခါမှာ သူက အဲဒီလို ပစ်မှတ်ထား ပယ်ချတယ်လို့ မထင်ကြောင်း ၊ အဲဒီတုန်းက မြို့နယ် သုံးခုဖြစ်တဲ့ မိုးကောင်း ၊ ဗန်းမော်နဲ့ ဖားကန့်တို့မှာ လုံခြုံရေး အခြေအနေကြောင့် ရက်ရွေ့ဆိုင်း ခဲ့တာလို့ ယူဆကြောင်း သူက ပြောပါတယ်။

တခါ ကေအိုင်အိုက တိုင်းရင်းသား ညီလာခံ ကျင်းပနေချိန်မှာ ဒေါက်တာ တူးဂျာရဲ့ ပါတီ မှတ်ပုံတင်ခွင့် အခုလို ချပေးခံရတာဟာ တိုက်ဆိုင်မှုလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကို သူက ပြန်လည် ဖြေကြားရာမှာ သူတို့ အနေနဲ့ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားမှုကို လွန်ခဲ့တဲ့ နှစ်လလောက် ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၂လစောင့်ပြီးမှ ရတဲ့ အတွက် ဒါဟာ တိုက်ဆိုင်မှုလို့ မထင်ကြောင်း သူက ဆိုပါတယ်။

ကေအိုင်အို ဆိုတာက ဥပဒေဘောင် ပြင်ပမှာ ရှိနေတဲ့ အဖွဲ့ ဖြစ်ပြီး သူတို့က ဥပဒေ ဘောင်ထဲက လုပ်ဆောင်နေတာ ဖြစ်ကြောင်း ၊ ကေအိုင်အိုဟာ အခုမှာ ညှိနှိုင်းနေတဲ့ အဆင့်မှာ ရှိပြီး အသင်းအဖွဲ့ ဖျက်သိမ်းရေး ၊ ဆယ့်ခွန် တစ် ၊ နှစ် တို့ကို ရုတ်သိမ်းတာတွေ လုပ်ရဦးမယ် ၊ အဲဒါတွေ မလုပ်ရသေးသမျှ ကေအိုင်အို သာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးဟာ ဥပဒေ ပြင်ပမှာသာ ရှိနေမှာ ဖြစ်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒေါက်တာ တူးဂျာနဲ့ ကေအိုင်အိုနဲ့ ဆက်စပ်မှု ရှိသေးလားလို့ မေးမြန်းရာမှာတော့ ငြိမ်းချမ်းရေး ဦးတည် လုပ်ဆောင်နေတဲ့ လုပ်ရပ်မှန်သမျှ အားလုံးကို အပြုသဘောနဲ့ လုပ်တာလို့ မြင်ဖို့ လိုကြောင်း ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေ အပေါ် သံသယ ပွားနေမယ် ဆိုရင် အကန့်အသတ်တွေ ရှိသွားစေလိမ့်မယ်လို့ သူက ပြောသွားခဲ့ပါတယ်။