တရုတ်ကွန်မြူနစ်ပါတီ ရုံးရှေ့မှာ ဗုံးကွဲ

  • 6 နိုဝင်ဘာ 2013

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ရှီ ပြည်နယ် တိုက်ယွမ်းမြို့ ကွန်မြူနစ်ပါတီ ရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီ ပေါက်ကွဲမှုတွေကြောင့် လူ ၁ ယောက် သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာရခဲ့ ပါတယ်။

တရုတ်နိုင်ငံရဲ့ တရားဝင် သတင်း မီဒီယာ Xinhua မှာ တော့ ပေါက်ကွဲမှု ဖြစ်ရာ နေရာမှာ ဘောစေ့တွေ ပြန့်ကျဲ နေတာ တွေ့ရတယ်၊ ဒီဘောစေ့တွေကို အိမ်လုပ်ဗုံးတွေထဲ ထည့်ပြီး လုပ်ထားတယ် ဆိုတာ ပြသနေတယ်လို့ ဖော်ပြ ပါတယ်။

မျက်မြင် သက်သေ တွေရဲ့ အဆိုအရ မနက်စောစော လူသွားလူလာ များချိန်မှာ ပေါက်ကွဲသံ ၇ ခါ ကြားခဲ့ရတယ်လို့ ပြောကြပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ အတွင်း စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ဖိအားတွေ တိုးလာနေတာနဲ့ ဆက်စပ်နေတယ်လို့ Weibo တရုတ် လူမှု ကွန်ရက် စာမျက်နှာမှာ ဝေဖန် ရေးသား နေကြပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ Hong Lei ကတော့ ရှန်ရှီ မှာ ဒီကနေ့ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တရုတ်ရဲအဖွဲ့က စုံစမ်း စစ်ဆေးနေတယ်၊ သိပ်မကြာခင် ရက်ပိုင်းက တီယန်မင် ရင်ပြင်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်နဲ့ ပတ်သက်လို့လည်း ပြတ်ပြတ် သားသား ဆောင်ရွက်သွားမယ်၊ တရုတ်နိုင်ငံ အတွက် အရေးကြီးတဲ့ ၁၈ ကြိမ်မြောက် ကွန်မြူနစ် ပါတီ ဗဟို ကော်မီတီ အစည်းအဝေး ကိုလည်း စီစဉ်ထားတဲ့ အတိုင်း ဆက်လုပ် သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။