တောင်းဆိုချက်တွေရမယ်ဆိုရင် အစိုးရစစ်တပ်နဲ့ လက်တွဲဖို့ အသင့်လို့ KIA ဗိုလ်မှူးပြော

  • 1 နိုဝင်ဘာ 2013
Image caption ကင်းလှည့်နေတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ

လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ ထိပ်သီးညီလာခံမှာ မြန်မာ အစိုးရ စစ်တပ်နဲ့ အပစ်ခတ်ရပ်ပြီး တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေချိန်မှာ ဒီနှစ် နှစ်ဆန်းပိုင်းက မြန်မာစစ်တပ်နဲ့ ကေအိုင်အေတဲ့ အပြင်းအထန် တိုက်ပွဲတွေဖြစ်ခဲ့တဲ့ လယ်ဂျားယန် ရှေ့တန်းစခန်းတွေမှာ အခြေအနေတွေက တဖက်နဲ့ တဖက် တပ်ဖွဲ့တွေ ရင်းရင်းနှီးနှီး အော်ဟစ် လှမ်းစကားပြောတဲ့ အနေအထားမှာ ရှိနေပါတယ်။

လယ်ဝဲယန် တောင်ကုန်းဟာ အခု နှစ်ဆန်းပိုင်းတုန်းက မြန်မာ အစိုးရ စစ်တပ်ရဲ့ လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ နေရာ ဖြစ်ပါတယ်။

အဲဒီလို တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးတဲ့ ၇လ အကြာ အခုအချိန်မှာ တဖက်နဲ့ တဖက် ခြင်းခတ်ဖို့ စကားပြောဖို့ လှမ်းခေါ် ကြတဲ့ အခြေအနေမှာ ရှိပေမယ့် နှစ်ဖွဲ့ကြား နေရာမှာ ထောင်ထားတဲ့ မိုင်းတွေကို ကြောက်လို့ တဖက်နဲ့ တဖက် ကူးလူး ဆက်ဆံမှုတော့ မရှိကြဘူးလို့ ကေအိုင်အေ ဗိုလ်မှူး တယောက်က ပြောပါတယ်။

စစ်ပွဲတွေ ဖြစ်ခဲ့ကြတာဟာ ဘာကြောင့်လဲလို့ ဘီဘီစီက မေးမြန်းကြည့်တဲ့အခါ အဲဒီ ဗိုလ်မှူးက နိုင်ငံရေးကြောင့် ဖြစ်တယ် ၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို မြန်မာ အစိုးရ စစ်တပ်က လက်ဝါးကြီးအုပ်ချင်တဲ့ အတွက် အခုလို တိုက်ပွဲတွေ ဖြစ်ရတာလို့ ဆိုပါတယ်။

အခုဆိုရင် ကေအိုင်အေနဲ့ မြန်မာ အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေကြပြီမို့ တကယ်လို့များ အဆင်ပြေသွားရင် အထက် ညွှန်ကြားချက် အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါလို့ ကေအိုင်အေ ဗိုလ်မှူးက ပြောပါတယ်။

ကေအိုင်အေရဲ့ အထက် အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေ ရခဲ့ရင် ကေအိုင်အေ တပ်တွေနဲ့ မြန်မာ အစိုးရ စစ်တပ်တို့ အတူ တွဲလုပ်ရမယ်ဆိုရင်လည်း လုပ်မှာပါလို့ သူက ရှင်းပြခဲ့ပါတယ်။

တကယ်လို့များ ငြိမ်းချမ်းရေး ရသွားမယ် ဆိုရင် တိုက်ပွဲတွေ ရပ်သွားပြီမို့ အိမ်မှာဘဲ ကျွဲနွားမွေး နေထိုင် စားသောက်တော့မယ် ၊ ဒါပေမယ့် အသက် ၂ဝ အရွယ်ကတည်းက ကေအိုင်အေ တပ်ထဲ ဝင်ခဲ့တာ ဆိုတော့ စစ်မြေပြင်မှာ နေလာတာ နှစ် ၃၀ ရှိသွားပြီ ၊ စစ်မြေပြင် တိုက်ပွဲ ဖြစ်ရာ နေရာတွေက သူတို့ အတွက်တော့ ကိုယ့်မိဘ အိမ်လို ဖြစ်နေတယ်လို့ ကေအိုင်အေ ဗိုလ်မှူးက ပြောပါတယ်။

သူ့ဘဝ တလျောက် အဆိုးရွားဆုံး တိုက်ပွဲကတော့ ရက် ၂ဝ ကျော် တလ နီးပါး တိုက်ခိုက်ခဲ့ရတဲ့ လယ်ဂျားယန် ၊ ခါယာပုံ တို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဘဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကေအိုင်အေနဲ့ မြန်မာ အစိုးရ စစ်တပ် တိုက်ပွဲ ဖြစ်တိုင်း ကေအိုင်အေ က ကြံ့ကြံ့ခံနိုင်တာ ဘာကြောင့်လဲ ဆိုတဲ့ အမေးကိုတော့ သူက ဖြေကြားရာမှာ ကေအိုင်အေရဲ့ ခံယူချက် ၊ မျိုးချစ်စိတ် အပြင် နယ်မြေ ကျွမ်းကျင် မှုကြောင့် လို့ သူက ပြောပါတယ်။

ဒါ့အပြင် တပ်နှစ်ခု လယ်ဗယ်တူရင်တောင် တိုက်ရည်ကွာတယ်လို့ ကေအိုင်အေ တပ် ဗိုလ်မှူး တယောက်က ရှင်းပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ