တိုင်းရင်းသားများ အပစ်ရပ်မူကြမ်း သဘောတူ

  • 1 နိုဝင်ဘာ 2013
laiza_conference
Image caption တိုင်းရင်းသားလက်နက်ကိုင် ၁၈ ဖွဲ့ တက်ရောက်

ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများရဲ့ ညီလာခံ တတိယနေ့မှာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးနဲ့ ပတ်သက်တဲ့ သဘောတူချက် မူကြမ်း တစ်ခုကို ချမှတ်နိုင်ခဲ့ပါတယ်။

တက်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်း အားလုံး သဘောတူထားတဲ့ မူကြမ်းထဲမှာ ဖယ်ဒရယ်စံနစ် ပြည်ထောင်စုဖွဲ့စည်းခွင့်နဲ့ ဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းခွင့်ဆိုင်ရာ အချက်အလက်တွေ အပါအဝင် စစ်တပ်ဟာ အရပ်သားအုပ်ချုပ်ရေး လက်အောက်မှာ ရှိရမယ်ဆိုတဲ့ မူတွေအပြင် အကျိုးစီးပွားပိုင်ဆိုင်ခွင့် စတဲ့ စီးပွားရေးဆိုင်ရာအချက်လက်တွေလည်း ထည့်သွင်းထားပါတယ်။

အကောင်အထည်ဖေါ် ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီကိုတော့ မနက်ဖြန်မှာ ဖွဲ့စည်းမှာ ဖြစ်ပြီး လုပ်ငန်းကော်မတီ ဖွဲ့စည်းရေးကိုလဲ နောက်ရက်မှာ ဆက်ဆွေးနွေးကြဦးမယ်လို့သိရပါတယ်။ အခု ရေးဆွဲအတည်ပြုလိုက်တဲ့ မူကြမ်းကို ညီလာခံ မတက်ရောက်တဲ့ UWSA ဝသွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ မိုင်းလားအဖွဲ့က သဘောတူညီဖို့ ခုတက်ရောက်တဲ့ အဖွဲ့တွေက ကြိုးစားသွားမယ်လို့ ညီလာခံပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်ဥက္ကာက ပြောပါတယ်။

ဒီမူကြမ်းကတော့ တိုင်းရင်းသားအဖွဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကချမှတ်ထားတဲ့မူ၊ ၂၀၁၂ တုန်းက ချင်းမိုင်မှာလုပ်တဲ့ တိုင်းရင်းသားညီလာခံက ချမှတ်ထားတဲ့မူ၊ တိုင်းရင်းသားလုပ်ငန်း ဖေါ်ဆောင်ရေးကော်မတီ WGEC မူနဲ့၊ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီက ချမှတ်ထားတဲ့မူ အဲဒီမူ ၄ ခုထဲကနေမှ ထုတ်နုတ်စုစည်းပြီး ရေးဆွဲထားတဲ့ မူကြမ်းဖြစ်ပါတယ်။

အခုမူကြမ်းကို အစိုးရနဲ့ ဆွေးနွေးတဲ့အခါ ပြေလည်မှု ရနိုင်ပါ့မလား ဆိုတာကတော့ အစိုးရဘက်က လိုက်လျောမှုအပေါ်မှာ တူတည်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောကြပါတယ်။ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးတဲ့အခါ အပေးအယူ မမျှလို့ တိုင်းရင်းသား တဖွဲ့ဖွဲ့က သဘောမတူဘူးဆိုရင် ကျန်အဖွဲ့အားလုံးကလည်း တတိုင်းပြည်လုံး အပစ်ရပ်ရေးကို လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ