လူမဲ့လေယာဉ် တိုက်ခိုက်မှုနဲ့ ပါကစ္စတန် ငြိမ်းချမ်းရေး

  • 1 နိုဝင်ဘာ 2013
Image caption ပါကစ္စတန် တာလီဘန်ခေါင်းဆောင် လူမဲ့ တိုက်လေယာဉ်ကြောင့်ကျဆုံး

ပါကစ္စတန် တာလီဘန် ခေါင်းဆောင် ဟာကီ မူလာ မတ်စု ဟာ အမေရိကန် လူမဲ့ တိုက်လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်သေဆုံးမှုဟာ ပါကစ္စတန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မစခင် တရက်အလိုမှာ ဖြစ်ပွားခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် ဟာကီမူလာမတ်စု သာမက နောက်ထပ် တခြား လေးယောက်လည်း သေဆုံးခဲ့ပါတယ်။ အဲဒီလေးယောက်မှာ မီရှက်ရဲ့ သက်တော်စောင့် နှစ်ယောက်လည်း ပါဝင်တယ်လို့ ထောက်လှမ်းရေး သတင်းရပ်ကွက်က ဆိုပါတယ်။

ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး ခေျာင်ဒရီ နီဆာက ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖျက်လို့ဖျက်ဆီးလုပ်တာပဲလို့ ဆိုပါတယ်။

ပါကစ္စတန် အစိုးရကလည်း ဒီလူမဲ့လေယာဉ်တိုက်ခိုက်မှုကို ကန့်ကွက်တဲ့ ကြေညာချက် တစောင်ကို ပြင်းထန်တဲ့ စကားလုံးတွေသုံးနှုန်းပြီး ထုတ်ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်ရဲ့ အချုပ်အချာအာဏာကို ချိုးဖောက်တာပဲလို့ ဆိုပါတယ်။

အမေရိကန်တို့ရဲ့ လူမဲ့လေယာဉ်တိုက်ခိုက်မှုဟာ စစ်သွေးကြွအုပ်စုတွေကို တိုက်ခိုက်နေတာ မဟုတ်ဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ပါကစ္စတန်တို့ ဘက်က အကြိမ်ကြိမ်စွပ်စွဲခဲ့ဖူးပါတယ်။

လူမဲ့လေယာဉ်တိုက်ခိုက်မှုဟာ နိုင်ငံတကာ သဘောတူစာချုပ်တွေအရ တားမြစ်ထားတဲ့ အရပ်သားလား၊ သူပုန်လားခွဲခြား မသိနိုင်တဲ့ စက်ရုပ်အသုံးပြုတိုက်ခိုက်မှုမျိုးဖြစ်တယ်လို့ လည်း ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။