ဖွဲ့စည်းပုံ ပြင်ရာမှာ အစွန်းမရောက်နဲ့ လို့ သမ္မတပြော

  • 1 နိုဝင်ဘာ 2013
U Thein Sein
Image caption အခြေခံ ဥပဒေ ပြင်ရေးကို သမ္မတ ဦးသိန်းစိန်က ကန့်ကွက်ခြင်းတော့ မရှိပါဘူး

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ အခါမှာ အစွန်းမရောက်ဖို့၊ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒထက် လူထု ဆန္ဒကို ဖြည့်ဆည်းပေး နိုင်မယ့် နိုင်ငံရေး စေတနာကောင်း ထားဖို့၊ မြန်မာနိုင်ငံရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ကာလအခြေအနေ တွေကို ထည့်သွင်းစဉ်းစားပြီး ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ရေဒီယို မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။

ဘယ်လို ဆောင်ရွက်ချက်မျိုးကို အစွန်းရောက်တယ်လို့ ယူဆကြောင်းတော့ သူကရှင်းရှင်းလင်းလင်း ပြောမသွားခဲ့ပါဘူး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို သဘာပတိ အဖွဲ့၀င် ဦး၀င်းတင် ကတော့ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ နဲ့ပတ်သက်ပြီး လျှော့ချ ပြုပြင်ဖို့ ကြိုးစားချက် မျိုးတွေကို သမ္မတက ရည်ရွယ်ပုံရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"သူတို့အဲဒီလို ပြဌာန်း ထားတာကိုက ရှင်းရှင်းပြောရင် ဒါ အစွန်းရောက်နေတဲ့ ကိစ္စတွေ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါတွေဟာ ဒီမိုကရေစီ နဲ့လည်း လုံး၀ မသင့်တော် တော့ဘူး" ဆိုပြီး ဦး၀င်းတင်က ဆိုပါတယ်။

အခုအခါမှာ အခြေခံဥပဒေကို ပြင်ဖို့ လိုအပ်တယ် ဆိုတာကို အားလုံးကလက်ခံ နေတဲ့အချက်ကို ကြည့်ရင် ဒီအခြေခံ ဥပဒေကို တပြည်လုံးက ငြင်းပယ် လိုက်ပြီဆိုတာ ရှင်းနေတယ်လို့ လည်းသူက ပြောပါတယ်။

အခြေခံဥပေဒကို ပြင်မယ်ဆိုတဲ့ နေရာမှာ ညှိနှိုင်း ပြေလည်မှု ရနိုင်သလို အကြောင်းအရာ ရွေးတဲ့ နေရာ ပေါ်မူတည်ပြီး ထိပ်တိုက်တိုးနိုင်တဲ့ အခြေအနေ တွေလည်း ဖြစ်လာနိုင်တယ်လို့ ဦး၀င်းတင်က သတိပေး လိုက်ပါတယ်။