တိုင်းရင်းသား ဘုံ သဘော တူချက် အစိုးရကို တင်ပြမယ်

  • 3 နိုဝင်ဘာ 2013
Laiza
Image caption လိုင်ဇာညီလာခံမှာ ဘုံသဘောတူချက် လက်မှတ် ထိုးခဲ့ကြ

ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ဗဟို ဌာနချုပ် ရှိရာ လိုင်ဇာမြို့ မှာ လေးရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရဲ့ညီလာခံ က ထွက်ပေါ် လာတဲ့ ဘုံ သဘော တူညီချက်ကို တနင်္လာနေ့ မြစ်ကြီးနား မြို့မှာ စတင် ကျင်းပမယ့် အစိုးရနဲ့ ကေအိုင်အို ကြားပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တင်ပြမှာ ဖြစ်တယ်လို့ လိုင်ဇာညီလာခံရဲ့ ပြောခွင့်ရသူ တဦးဖြစ်တဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး အတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်းက ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ သဘောတူညီချက် ၁၁ ချက်ထဲမှာ တနိုင်ငံလုံ ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီဖို့ အတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ တွေ ကျင်းပ ပေးမယ်လို့ အစိုးရက အာမခံ ရမယ်လို့ ပါရှိကြောင်း သူကပြောပါတယ်။

အစိုးရဖက် ကတော့ တိုင်းရင်းသား လက်နက်ကိုင် တွေဖက်က ဘုံရပ်တည်ချက် နဲ့ပတ်သက်လို့ သူတို့ ဘာမှမသိရ သေးဘူးလို့ မြစ်ကြီးနားကို ရောက်လာတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မယ့် ကိုယ်စားလှယ် တဦးက ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တွေဖက်က ၁၃ ဦးပါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ ဆိုပြီး ဖွဲ့စည်းထားပါတယ်။

အစိုးရဖက်ကတော့ အခုချိန်အထိ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ရာမှာ လက်နက်ကိုင် အဖွဲ့တဖွဲ့ချင်း အလိုက်သာ ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။

အရင်က UNFC ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ အဖွဲ့နဲ့ ဦးအောင်မင်းတို့ တွေ့ဆုံခဲ့တာ ရှိပေမယ့် နှစ်ဖက် သဘောထား ရပ်တည်ချက်တွေကို အမြင်ချင်းဖလှယ် တဲ့အဆင့် လောက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တိုင်းရင်းသား တွေဖက်က တင်ပြလာမယ် ဆိုရင် အစိုးရက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို မသိရ သေးပါဘူး။