လယ်တီသိမ်အက်ကွဲ သတင်းကြောင့် တုံရွာထိပ်မှာ သပိတ်စခန်းဖွင့်

  • 3 နိုဝင်ဘာ 2013
Image caption လက်ပံတောင်းမှာ အခြေအနေ တင်းမာနေပုံ

လက်ပံတောင်း ကြေးနီ စီမံကိန်း မိုင်းခွဲမှုတွေကြောင့် လယ်တီ ဆရာတော် သမုတ်တဲ့ သိမ် အက်ကွဲသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်နေလို့ သံဃာနဲ့ လူတချို့ သွားကြည့်တာကို အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။

တားမြစ်ခံရတဲ့ ဒေသခံ ရဟန်း ရှင်လူတွေက တုံရွာထိပ်မှာ သံဃာခြောက်ပါး အပါအဝင် လူအင်အား ၂ဝဝလောက်နဲ့ သိမ် ကာကွယ်ရေး သပိတ်စခန်းကို ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်တွေကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးနဲ့ လယ်တီ သိမ် မဖျက်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက သူတို့ကို သပိတ်စခန်း သိမ်းဖို့ လာရောက် ပြောကြားခဲ့ပြီး လုံခြုံရေးတွေ တိုးမြှင့်ချထားတာ အခုဆိုရင် အင်အား ၁ဝဝ ကျော်လောက် ရှိတယ်လို့ သူက ပြောပါတယ်။

အရင်က အဲဒီမှာ မိုင်းခွဲဖူးပေးမယ့် သိမ်နဲ့ ဝေးကြောင်း အခုမိုင်းခွဲတဲ့ နေရာက သိမ်နဲ့နီးတာကြောင့် သိမ်အက်သွားတယ်လို့ သတင်းရပေမယ့် သိမ်ဖက်ကို အဝင်မခံဘဲ ပိတ်ထားတာကြောင့် အတိအကျ ပြောဖို့ ခက်တယ်လို့ ဆိုပါတယ်။

စီမံကိန်း လုပ်ဆောင်နေတဲ့ နေရာမှာ သွပ်ဆူးကြိုး ချထားပြီး ကင်းတွေလည်း ချထားတယ်လို့ သူက ပြောပါတယ်။

အထက်က ဖြန်ဖြေသူတွေက အဲဒီနေရာကို မဝင်ဖို့ အဲဒီနားကို မကပ်ဘို့ မှာထားတယ်လို့လည်း သူက ဆိုပါတယ်။

ဖြန်ဖြေသူတွေ အနေနဲ့ အတိအကျ အဖြေပေးနိုင်တာ မရှိဘဲ သူတို့က တနေ့ကို သုံးထောင့်ငါးရာ ၊ လေးထောင်ကျပ်ပေးပြီး လူတွေကို သွေးထိုး ပေးနေ ၊ ဒေသခံတွေနဲ့ ရန်တိုက် ပေးနေတယ်လို့လည်း ဒေသခံက ပြောပါတယ်။

သူတို့ မီးကင်းတွေကိုလည်း ဖျက်ပစ်ပြီး ၊ ရွာကို မီးတင်ရှို့မယ်လို့ ခြိမ်းခြောက်နေတာကြောင့် စိုးရိမ်နေရကြောင်း သူက ဆိုပါတယ်။

ရုံးမှာ သွားတိုင်ရင်လည်း အရေးယူတာ မရှိဘဲ သူတို့ဖက်က အပြစ်ရှိရင်တော့ ခေါ်ပြီး အရေးယူလေ့ရှိတယ်လို့ သူက ရှင်းပြပါတယ်။

သူတို့ အနေနဲ့ ရွာပြင်မှာ မီးကင်းချထား ညအိပ်စောင့်နေကြရတယ်လို့ ပြောပါတယ်။

လက်ပံတောင်းတောင် ကော်မရှင်က ဆက်ဆံရေး ရုံး ဖွင့်ထားပြီး ဒေသခံတွေနဲ့ ဆွေးနွေးပေမယ့် သူတို့ကလည်း အဖြေ မပေးနိုင်ဘူးလို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ