ဓာတုဆေးရောရောင်းတဲ့ ပဲဆီအတု များပြားလာနေ

  • 3 နိုဝင်ဘာ 2013
Image caption ချက်ပြုတ်ရန် အသုံးပြုဖို့အတွက် ဆီ

မြန်မာနိုင်ငံ ပြည်တွင်း ဈေးကွတ်မှာ ဓာတုဆေးရောပြီး ရောင်းတဲ့ ပဲဆီအတု ထုတ်လုပ်မှုတွေ များပြားလာနေပြီးတော့ ဒီပဲဆီ အတုတွေကို ဈေးကွတ်က ကောက်ယူ စုဆောင်းနေပြီး ဓာတ်ခွဲ စမ်းသပ် ပြီးရင် စားသုံးရန် သင့် မသင့် သတင်းထုတ်ပြန် သွားမယ်လို့ သိရပါတယ်။

ဈေးကွတ်မှာ တွေ့ရတဲ့ ပဲဆီအတု ဆိုတာကတော့ စားအုံးဆီ ဒါမှ မဟုတ် ပြန်ကျော်ဆီကို ဓာတုဆေး တစ်မျိုးသုံးပြီး အရောင်အနံ့က စလို့ ပဲဆီနဲ့ တူအောင် လုပ်ထားတာ ဖြစ်ပါတယ်။

ပဲဆီအစစ် တပိသာဟာ ကျပ်၄၂၀၀ လောက် ဖြစ်နေပေမဲ့ ဒီပဲဆီအတုတွေ ကတော့ တပိသာ ကျပ် ၁၆၀၀ လောက်နဲ့ ဈေးကွတ်မှာ ဝယ်လို့ ရနေပါတယ်။

အခုဆိုရင် ဆီအတုကို အသုံးများ လာတာကြောင့် ပဲဆီ နှမ်းဆီ အဓိက ထွက်တဲ့ မြန်မာနိုင်ငံ အထက်ပိုင်းက မြို့တွေမှာလည်း ဆီအတု ထုတ်လုပ်မှု တွေက တစထက် တစ ပိုများလာ နေပါတယ်။

စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဌ ဦးဘအုပ်ခိုင် ဒီ ဆီအတုတွေကို ဈေးကွတ်ထဲ ကနေ နမူနာယူပြီး ဓာတ်ခွဲ စမ်းသပ်သွားမယ်လို့ ပြောပါတယ်။

ပြည်တွင်း ပဲဆီ အတုပေါ်လာတာ ကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက် ထဲက ဖြစ်ပါတယ်။

အဲဒီတုန်းက စားအုံးဆီကို ဓာတုဆေးရောပြီး စပ်ဆီ ဆိုပြီး ရောင်းတာ ရှိပေမဲ့ အခု အခါမှာတော့ စားသုံးရန် မသင့်ဘူးလို့ ဗဟို အစားသောက်နဲ့ ဆေးဝါး ဌာနက ပြောပါတယ်။

အခုတော့ အဲလို ပြောထားတဲ့ ပြန်ကျော်ဆီ တွေကို ဆေးရောပြီး ပဲဆီအတု လုပ်ရောင်းနေတဲ့ အထိကို ဖြစ်လာပါတယ်။

ဒီဆီအတု ထုတ်လုပ်တာတွေ တွင်ကျယ်လာတာ နည်းတူ မြန်မာနိုင်ငံ အထက်ပိုင်းက ဆီစက် တော်တော် များများဟာ ရပ်ဆိုင်းရတော့မယ် အခြေနေကို ရောက်နေပြီလို့ သိရပါတယ်။

မုံရွာ မြို့ ဆီစက် လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးထွန်းထွန်းဦး ကတော့ မြန်မာနိုင်ငံမှာ စားသုံးဆီနဲ့ ပက်သတ်လို့ စံအရည် သွေး သတ်မှတ်ချက်ချပြီး ဆောင်ရွက်သင့်ကြောင်း ရှင်းပြခဲ့ပါတယ်။

အရင်တုန်းကတော့ ကျန်းမာရေး ဝန်ကြီးဌာနက အခု ပဲဆီအတုတွေမှာ အဓိက ပါနေတဲ့ စားအုံးဆီကို စားသုံးရန် မသင့်ဆိုပြီး ထုတ်ပြန် အသိပေးခဲ့သလို မလေးရှားနဲ့ ထိုင်းက မြန်မာနိုင်ငံကို သွင်းလာတဲ့ ဟင်းရွက်ဆီ ဆိုတာတွေကို စားသုံးရန် မသင့် ဆိုပြီး ထုတ်ပြန်ခဲ့တာမျိုး ရှိပါတယ်။

ဈေးကွက် ထဲက ပဲဆီ အတုတွေ ကတော့ စားသုံးရန် သင့်သလား မသင့် သလား ဆိုတာ ကိုတော့ အစိုးရက ထုတ်ပြန်တာမျိုး မရှိသေးဘဲ စားသုံးသူ ကာကွယ်ရေး အသင်း ကတော့ အစိုးရ ဓာတ်ခွဲခန်း အပါဝင် မြို့တော် စည်ပင် ဓာတ်ခွဲခန်းနဲ့ သမ ဓာတ်ခွဲခန်းတို့ ဆီကို ပို့ ပြီး စားသုံးရန် သင့် မသင့် တွေ့ရှိချက် တွေကို လပိုင်း အတွင်းထုတ်ပြန် သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ